ချမ်းအေးသာစံ ဖေဖော်ဝါရီ ၆
မန္တလေးတိုင်းဒေသကြီးအတွင်းရှိ နိုင်ငံတော်သံဃာ့မဟာနာယက ဆရာတော်ကြီးများ၊ နိုင်ငံတော်သြဝါဒါစရိယ ဆရာတော်ကြီးများ၊ နိုင်ငံတော် ဗဟိုသံဃာ့ဝန်ဆောင် ဆရာတော်ကြီးများ၊ ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများနှင့် သီလရှင်ဆရာကြီးများအား ကျန်းမာရေးစစ်ဆေးခြင်းအခမ်းအနားကို မန္တလေးပြည်သူ့ဆေးရုံကြီးရှိ မန်းတောင်ရိပ် အစည်းအဝေးခန်းမ (၁)၌ ယနေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။
ကျန်းမာရေးစစ်ဆေးခြင်းကို မန္တလေးပြည်သူ့ဆေးရုံကြီး၊ ဆေးကုသဆောင်(၃)မှ ပါမောက္ခချစ်သက်အောင် ဦးဆောင်ကာ ပါမောက္ခ၊ အထူးကုဆရာဝန်ကြီးများ၊ လက်ထောက်ဆရာဝန်များနှင့် သူနာပြုများက ဆရာတော်ကြီးများ၊ သီလရှင်ကြီးများ စုစုပေါင်း ၂၄ ပါးအား သွေးပေါင် ချိန်ခြင်း၊ ဓာတ်မှန်ရိုက်ခြင်း၊ သွေးစစ်ခြင်း၊ အာထရာဆောင်းရိုက်ခြင်း၊ အထွေထွေကျန်းမာရေး စစ်ဆေးခြင်းများ ဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် နိုင်ငံတော်သံဃာ့မဟာနာယက ဆရာတော်ကြီးများနှင့် သီလရှင်ဆရာကြီးများအား သင်္ကန်းများ၊ လှူဖွယ်ပစ္စည်းများနှင့် နေ့ဆွမ်းများဆပ်ကပ်ခဲ့ကြသည်။ မန္တလေးအထွေထွေရောဂါကုဆေးရုံကြီးရှိ သက်ကြီးရွယ်အို စောင့်ရှောက်မှုဆေးပညာ ပြင်ပလူနာဌာန၌ အသက် ၆၅ နှစ်နှင့်အထက် လူကြီးများအား အပတ်စဥ် အင်္ဂါ၊ ဗုဒ္ဓဟူး၊ ကြာသပတေးနေ့များတွင် နံနက် ၉ နာရီမှ ၁၂ နာရီအထိ ကျန်းမာရေး စောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ချမ်းမြေ့မောင်(ချမ်း/စံ)