အမရပူရ ဖေဖော်ဝါရီ ၆
အမရပူရမြို့နယ်၊ ရတနာပုံတက္ကသိုလ်တွင် (၂၆)နှစ်မြောက် နှစ်ပတ်လည်အထိမ်းအမှတ် မြန်မာ့ရိုးရာ ထမနဲထိုးပြိုင်ပွဲကို ဖေဖော်ဝါရီ ၆ ရက် နံနက် ၉ နာရီခွဲက အဆိုပါတက္ကသိုလ်၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သည်။
မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲတွင် ဒုတိယပါမောက္ခချုပ် ဒေါက်တာခင်မော်မော်စိုးက ဂုဏ်ပြု အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် မြန်မာ့ရိုးရာ ထမနဲထိုးပြိုင်ပွဲကို ကျင်းပရာ ဘာသာရပ်ဌာနအသီးသီးမှ ပြိုင်ပွဲဝင်အသင်း ၁၈ သင်းနှင့် စီမံရေးရာဌာနအသင်း တစ်သင်းတို့ ပါဝင်သည့် ပြိုင်ပွဲဝင်အသင်းပေါင်း ၁၉ သင်းတို့၏ ယှဉ်ပြိုင်မှုကို ဒုတိယပါမောက္ခချုပ်များ ဖြစ်ကြသည့် ဒေါက်တာခင်မော်မော်စိုး၊ ဒေါက်တာဦးဝင်းနိုင်၊ ထမနဲထိုးပြိုင်ပွဲကျင်းပရေးကော်မတီဥက္ကဋ္ဌ ဒေါက်တာနှင်းနှင်းဌေးနှင့် ကော်မတီဝင်များ၊ ဘာသာရပ်အသီးသီးမှ ပါမောက္ခ (ဌာနမှူး)များ၊ ပါမောက္ခများ၊ အမှတ်ပေးအကဲဖြတ်ဒိုင်များ၊ ဆရာ၊ ဆရာမများ၊ စီမံရေးရာဌာနများမှ တာဝန်ရှိသူများနှင့် စီမံဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူများက ကြည့်ရှုအားပေးကြသည်။
ထို့နောက် ဆုချီးမြှင့်ပွဲကို ကျင်းပရာ မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲတွင် ပထမဆုရရှိသည့် သမိုင်း ဘာသာရပ်အသင်း၊ ဒုတိယဆုရရှိသည့် စာကြည့်တိုက်နှင့်သုတပညာ/မှတ်တမ်းနှင့် မော်ကွန်းစီမံခန့်ခွဲမှုပညာ ဘာသာရပ်အသင်း၊ တတိယဆုရရှိသည့်ဘူမိဗေဒဘာသာရပ်အသင်း၊ ပူးတွဲနှစ်သိမ့်ဆု(၁)ရရှိသည့် ဥပဒေပညာအသင်းနှင့် စီမံရေးရာဌာနများအသင်း၊ နှစ်သိမ့်ဆု(၂) ရရှိသည့် ဒဿနိကဗေဒအသင်းနှင့် ရူပဗေဒအသင်း တို့အား ဒုတိယပါမာက္ခချုပ်များနှင့် ထမနဲထိုးပြိုင်ပွဲကျင်းပရေးကော်မတီဥက္ကဋ္ဌ တို့က ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ငွေသားဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
စိုးသီဟ(အမရ)