မိတ္ထီလာ ဖေဖော်ဝါရီ ၄
မိတ္ထီလာမြို့ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမ၌ (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်း အမှတ်အကြို တက္ကသိုလ်၊ ကောလိပ်အဆင့်ကဗျာရေးစပ်ပြိုင်ပွဲကို ယမန်နေ့နံနက် ၉ နာရီက ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါပြိုင်ပွဲတွင် ဦးစွာ မြို့နယ်စာရေးဆရာအသင်းမှ စာရေးဆရာရွှေညာမြေမြတ်သင်းကြိုင်က ပြိုင်ပွဲစည်းကမ်းချက်များနှင့် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးမင်းဇော်က ပြိုင်ပွဲကျင်းပရခြင်းရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။ ထို့နောက်ပြိုင်ပွဲကို ကျင်းပရာမြန်မာနိုင်ငံလေကြောင်းနှင့်အာကာသပညာတက္ကသိုလ်၊ မိတ္ထီလာတက္ကသိုလ်၊နည်းပညာတက္ကသိုလ် (မိတ္ထီလာ)၊ ကွန်ပျူတာတက္ကသိုလ်(မိတ္ထီလာ)၊ မိတ္ထီလာပညာရေးဒီဂရီကောလိပ်တို့မှ ပြိုင်ပွဲဝင် ကျောင်းသူ၊ ကျောင်းသား ၄၉ ဦးတို့က (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို ပြိုင်ပွဲဝင်ကဗျာများကိုရေးစပ်ယှဉ်ပြိုင်ကြသည်။ အဆိုပါ ပြိုင်ပွဲအား ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာနနှင့် မြို့နယ်စာရေးဆရာအသင်းတို့ ပူးပေါင်းကျင်းပခြင်းဖြစ်ပြီး တက္ကသိုလ်၊ ကောလိပ်အဆင့် ဆောင်းပါးရေးသား ပြိုင်ပွဲ၊ ကဗျာရေးစပ်ပြိုင်ပွဲနှင့် ကျပန်းစကားပြောပြိုင်ပွဲများကို ဖေဖော်ဝါရီ ၂ရက်နေ့မှ ၄ ရက်အထိ ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။
ချမ်းသာ