မန္တ‌လေးတွင် Mobile Lab Van ရွေ့လျားဓါတ်ခွဲယာဉ်ဖြင့် ဈေးကွက်စစ်ဆေး

အောင်မြေသာစံ ဖေဖော်ဝါရီ ၄

မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ် ဈေးချိုတော်ဈေးရှိ ဈေးဆိုင်များတွင် ခွင့်မပြုသည့်ဆိုးဆေးနှင့် ခွင့်မပြုဓာတုတာရှည်ခံဆေးများ သုံးစွဲခြင်း၊ ရောင်းချခြင်း ရှိ/မရှိ၊ သုံးစွဲရန်မသင့်အလှကုန်များ ရောင်းချခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်း၊ ပညာပေးဆွေးနွေးခြင်းနှင့် အသိပညာပေးလက်ကမ်းစာစောင်များ ဝေငှခြင်းကို ဖေဖော်ဝါရီလ ၃ ရက် နံနက်ပိုင်းက အဆိုပါ ဈေးချိုတော်တွင် ပြုလုပ်ကြသည်။

ထိုသို့ဆောင်ရွက်ကြရာတွင် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနခွဲ (မန္တလေး) မှ တာဝန်ရှိသူများ၊ ချမ်းအေးသာစံမြို့နယ် အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ကွပ်ကဲရေးကော်မတီဝင်များဖြစ်သည့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာတို့မှ တာဝန်ရှိသူများသည် အစားအသောက်ရောင်းချသူများအား အစားအသောက်တွင် ခွင့်မပြုသည့် ဆိုးဆေးနှင့် ခွင့်မပြုဓာတုတာရှည်ခံဆေးများ ထည့်သွင်းအသုံးပြုခြင်း ရှိ/မရှိနှင့်ပတ်သက်၍ Mobile Lab Van ရွေ့လျားဓါတ်ခွဲယာဉ်ဖြင့် ရှောင်တခင် ကွင်းဆင်းစစ်ဆေးကြပြီး ဈေးအတွင်း ရောင်းချသည့် အလှကုန်ဆိုင် (၇) ဆိုင်အား ကြေငြာချက်ထုတ်ပြန်ထားသည့် သုံးစွဲရန်မသင့်သော အလှကုန်များ ရောင်းချခြင်းရှိ/မရှိ တို့ကို လှည့်လည်ကွင်းဆင်းစစ်ဆေးကြသည်။

ထို့‌နောက် မြန်မာနိုင်ငံ FDA တွင် မှတ်တမ်းတင်ရရှိထားသည့် အလှကုန်များကို စိစစ်ဝယ်ယူ/ ရောင်းချရန်နှင့် အလှကုန်တွင်သုံးစွဲရန် ခွင့်မပြုသည့်တားမြစ်ဓါတုပစ္စည်းများ၏အန္တရာယ်တို့ကို ဆွေးနွေးပြောကြားကာ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးကြကြောင်း သိရသည်။

မြင့်မော်ထွန်း(အောင်စံ၊ပြန်/ဆက်)