သရက်ချောင်း ဖေဖော်ဝါရီ ၂
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၌ အရေးပေါ်ကူညီကယ်ဆယ်ရေးလုပ်ငန်းများနှင့် မီးငြှိမ်းသတ်ရေးလုပ်ငန်းများကို အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်နိုင်ရန်အတွက် မီးသတ်တပ်ဖွဲ့ဝင်များအား ယာဉ်မောင်း(မွမ်းမံ)သင်တန်း အမှတ်စဉ် (၇/၂၀၂၆)ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီက သရက်ချောင်းမြို့၊ မြို့နယ် မီးသတ်ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် သရက်ချောင်းမြို့နယ်၊ စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်မြင့်သိန်းက မီးသတ်ဦးစီးဌာနမှာ လက်ရှိအသုံးပြုလျက်ရှိတဲ့ မီးသတ်ယာဉ်အမျိုးမျိုးမှာ လိုအပ်ချက်အရယာဉ်မောင်းအဖြစ် ထပ်မံတာဝန်ချထားနိုင်ရန်၊ မီးသတ်ယာဉ်များ ကိုင်တွယ်မောင်းနှင်းရာတွင် ယာဉ်မောင်းသူတစ်ဦးအနေဖြင့် ရေ၏အလေးချိန်/ဖိအားနှင့် လှုပ်ရှားမှုသဘောတရားများကို နားလည်သိရှိပြီး၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများနှင့်အညီ စနစ်တကျ မောင်းနှင်နိုင်စေဖို့အတွက် ယခုကဲ့သို့ ယာဉ်မောင်းသင်တန်း ဖွင့်လှစ်ရခြင်းဖြစ်သဖြင့် သင်တန်းသားများအနေဖြင့် သင်တန်းနည်းပြများက သင်ကြားပြသပေးသည့် စာတွေ့လက်တွေ့ဘာသာရပ်များကို ဂရုတစိုက် လေ့လာမှတ်သားကြရန် အဖွင့်အမှာစကားပြောကြားသည်။
ဆက်လက်၍ မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးသက်နိုင်လွင်က ယာဉ်မောင်း(မွမ်းမံ) သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်ပြောကြားပြီးနောက် အဆိုပါ ယာဉ်မောင်းသင်တန်းအား မီးသတ်တပ်ဖွဲ့ဝင် သင်တန်းသား(၁၅)ဦးဖြင့် ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ၁၃ ရက်နေ့အထိ စာတွေ့/လက်တွေ့နည်းများဖြင့် သင်တန်းပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ပြည့်ဖြိုးပိုင်(ပြန်/ဆက်)