ထားဝယ် ဇန်နဝါရီ ၂၈
တနင်္သာရီတိုင်းဒေသကြီး၊ တောမီးနှင့် အခြားမီးများကြောင့် မီးလောင်မှု Hotspot အရေအတွက် များပြားမှုလျှော့ချရေးနှင့် မီးခိုးမြူငွေ့ညစ်ညမ်းမှုထိန်းချုပ်ရေးလုပ်ငန်းအဖွဲ့က ထားဝယ်မြို့၊ ကြက်စားပြင်ရပ်ကွက်ရှိ ပြည်သူများအား အသိပညာပေးဟောပြောပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းက တိုင်းဒေသကြီး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးရုံး၌ ကျင်းပသည်။
အခမ်းအနားတွင် တိုင်းဒေသကြီး၊ တောမီးနှင့်အခြားမီးများကြောင့် မီးလောင်မှု Hotspot အရေအတွက်များပြားနေခြင်းကို လျှော့ချရေးနှင့် မီးခိုးမြူငွေ့ညစ်ညမ်းမှု ထိန်းချုပ်ရေးလုပ်ငန်းအဖွဲ့၏ အတွင်းရေးမှူး၊ တိုင်းဒေသကြီး၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးဇော်မင်းအုန်းက ကမ္ဘာကြီးသည် ရာသီဥတု ပြောင်းလဲဖောက်ပြန်မှု၊ ဇီဝမျိုးစုံမျိုးကွဲများ လျော့နည်းဆုံးရှုံးမှု၊ ပတ်ဝန်းကျင်ဆိုင်ရာ ညစ်ညမ်းမှုများကို ခံစားနေရကြောင်း၊ တစ်ဦးတစ်ယောက်ချင်းကစ၍ အားလုံးအတူတကွ ဖြေရှင်းဆောင်ရွက်ရမည့် ပြဿနာရပ်များဖြစ်ကြောင်း၊ နှစ်စဉ်ခြောက်သွေ့ရာသီ ကာလရောက်လာသည်နှင့်အမျှ တောမီးအပါအဝင် မီးလောင်ကျွမ်းမှုများဖြစ်ပေါ်လာပြီး မီးခိုးငွေ့နှင့် အတူမမြင်နိုင်သော အမှုန်အမွှားများကြောင့် လေထုညစ်ညမ်းမှုကိုဖြစ်ပေါ်စေကြောင်း၊ လေထု ညစ်ညမ်းမှုကြောင့် ကျန်းမာရေး၊ စီးပွားရေး၊ လူမှုရေးစသည့် ထိခိုက်မှုများရှိလာပါကြောင်း၊ တောမီးအပါအဝင် မီးလောင်ကျွမ်းခြင်း အမျိုးမျိုးကြောင့် ဖြစ်ပေါ်လာသော မီးခိုးမြူငွေ့ထိန်းချုပ်ရေးနှင့် မီးခိုးမြူငွေညစ်ညမ်းမှု၏ ဆိုးကျိုးများကို သိရှိပြီး လေထုညစ်ညမ်းမှုဖြစ်စေမည့် လုပ်ရပ်များကို ရှောင်ရှားနိုင်ရန်အတွက် ပြည်သူလူထုကို အသိပညာပေးဆောင်ရွက်ရခြင်း ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီးပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဝါဝါနု၊ ထားဝယ်မြို့နယ် မီးသတ်ဦးစီးမှူး ဦးဖြိုးကိုကိုအောင်နှင့် စည်ပင်သာယာရေးအဖွဲ့၊ ဦးစီးအရာရှိ ဦးနိုင်ဌေးတို့က တောမီးအပါအဝင် မီးလောင်ကျွမ်းခြင်းအမျိုးမျိုးကြောင့် ဖြစ်ပေါ်လာသော မီးခိုးမြူငွေ့ထိန်းချုပ်ရေး၊ မီးခိုးမြူငွေညစ်ညမ်းမှုအန္တရာယ်များအကြောင်း အသိပညာပေးဟောပြောပြီး ကြက်စားပြင်ရပ်ကွက်ရှိ ပြည်သူများအား အသိပညာပေးလက်ကမ်းစာစောင်များအား ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ငွေဇင်ယော်(ထားဝယ်)