ကျောက်ဆည်မြို့နယ် အင်းကုန်းကျေးရွာ၌ ခရမ်းသီးနှံစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း

​ကျောက်ဆည် ဇန်နဝါရီ ၂၈

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် နေ့စဉ်ဝင်ငွေရသည့် ကာလတိုသီးနှံများဖြစ်သော ခရမ်း၊ ရုံပတီ၊ ကန်စွန်း၊ ဆလပ်၊ ဆူးပန်း၊ နံနံ၊ မုံညင်း စသည့်ဟင်းသီးဟင်းရွက်များ တစ်နိုင်တစ်ပိုင် ပိုမိုစိုက်ပျိုးလာကြောင်းသိရှိရပြီး အင်းကုန်းကျေးရွာ၌ စိုက်ပျိုးထားသော ခရမ်းသီးနှံစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိသည်။

ကာလရှည်သီးနှံများဖြစ်သည့် စပါး၊ ကြက်သွန်၊ ငှက်ပျော၊ ငရုတ်စသည့် သီးနှံများ စိုက်ပျိုးရာတွင် လုပ်သားရှားပါးမှု အခက်အခဲနှင့် သွင်းအားစုများပိုမိုသုံးစွဲရသည့်အတွက် တောင်သူများအနေဖြင့် နေ့စဉ်ပုံမှန်ဝင်ငွေရသည့် ကာလတိုသီးနှံများ တစ်နိုင်တစ်ပိုင် ပိုမိုစိုက်ပျိုးလာကြောင်းနှင့် ခရမ်းသီးနှံစိုက်ပျိုးရာ၌ အပင်သေပျောက်မှုမရှိစေရန်အတွက် မျိုးစေ့များကိုဦးစွာ ပျိုးထောင်ပြီး သန်မာသည့်ပျိုးပင်များကို ရွေးချယ်စိုက်ပျိုးကြကြောင်း၊ ရေကြိုက်နှစ်သည့်အတွက် ရေသွင်းလွယ်ကူစေရန်အတွက် မြေဘောင်များပြုလုပ်ပြီး တစ်ပင်နှင့်တစ်ပင် လေးပေ ခန့်အကွာစိုက်ပျိုးကြကြောင်း၊ အပင်ငယ်ချိန်တွင် မြေဆွခြင်း၊ပေါင်းမြတ်ရှင်းလင်းခြင်းနှင့် လိုအပ်သည့်အခါ ပိုနှင်ဆေး၊ အပင်အားတိုးဆေးဖျန်းခြင်းများ ဆောင်ရွက်ပေးရကြောင်း ခရမ်းစိုက်တောင်သူ ဦးမြင့်ထွန်းက ပြောပြသည်။

ခရမ်းသီးနှံသည် စိုက်ပျိုးပြီး(၄၅)ရက်တွင် စတင်ခူးဆွတ်ရပြီး အသီးလှိုင်ချိန်တွင် တစ်ရက်ခြား ခူးဆွတ် ရကြောင်း၊ အပင်အပြုအစုကောင်းပါက တစ်နှစ်ပတ်လုံးနီးပါး ခူးဆွတ်ရောင်းချရသည့်အတွက် ခရမ်းစိုက် တောင်သူများအနေဖြင့် နေ့စဉ်နီးပါးဝင်ငွေရကြောင်း သိရသည်။

သက်မောင်(ကျောက်ဆည်)