ဒေါပုံ ဇန်နဝါရီ ၂၈
ဗိုလ်တထောင်ခရိုင်၊ ဒေါပုံမြို့နယ်တွင် ငယ်ရွယ်စဉ်မှအစပြု၍ စာဖတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရေးအတွက် ကျောင်းသား၊ ကျောင်းသူများနှင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ဇန်နဝါရီ ၂၆ ရက်နေ့ နံနက် ၁၀ နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
ဦးစွာ ဒေါပုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ချစ်စုဝေက စာဖတ်ဝိုင်းများ ကျင်းပဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ရာ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ငယ်စဉ်မှစကာ စာပေဖတ်ရှုခြင်းအလေ့အကျင့်ကို ဆောင်ရွက်စေလိုကြောင်း၊ ကျောင်းစာအပြင် ပြင်ပဗဟုသုတမှန်သမျှကို ဖတ်မှတ်လေ့လာမှသာ နောင်တစ်ခေတ်တွင် ဦးဆောင်နိုင်သူ လူချွန်လူကောင်းများ ဖြစ်ထွန်းလာမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ ဆက်လက်၍ စာရေးဆရာ မှော်ဝန်းသီဟရေးသားသည့် “ကမ္ဘာကျော် ပုဂ္ဂိုလ်များ-၄” စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ဆက်လက်ဆောင်ရွက်ခဲ့ရာ ဦးစီးအရာရှိ ဒေါ်ချစ်စုဝေက ဦးဆောင်ဆွေးနွေးခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများက စာအုပ်ပါအကြောင်းအရာများထဲမှ မိမိတို့အနှစ်သက်ဆုံးပုဂ္ဂိုလ်များ၏ အကြောင်းအရာများကို ထုတ်နုတ်ဆွေးနွေးခဲ့ကြပါသည်။
အဆိုပါ စာဖတ်ဝိုင်းသို့ အမှတ် (၂) အခြေခံပညာအလယ်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူ (၂၀) ဦးခန့် တက်ရောက်ကာ စာအုပ်ပါအကြောင်းအရာများနှင့် ပတ်သက်၍ ဖတ်ရှုထားသည်များကိုလည်းကောင်း၊ သိလိုသည်များကိုလည်းကောင်း ပါဝင်ဆွေးနွေးမေးမြန်းခဲ့ကြရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိက ပြန်လည်ဖြေကြားဆွေးနွေးပေးခဲ့ကြောင်း သိရသည်။
ချစ်စုဝေ (ပြန်/ဆက်)