ရန်ကုန် ဇန်နဝါရီ ၂၈
သန်လျင်ခရိုင် သန်လျင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ နယ်လှည့်အသိပညာပေးဟောပြောပွဲ၊ စာအုပ်ပြပွဲ၊ နံရံကပ်စာစောင်ပြပွဲကို ဇန်နဝါရီ ၂၆ ရက်နေ့ နံနက် (၁၀) နာရီအချိန်က မြို့ဟောင်းအရှေ့အခြေခံပညာမူလတန်း (လွန်) ကျောင်း၌ ဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ ဆောင်ရွက်ရာတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ရွှေရည်ဝင်းကျော်က ကျောင်းသား၊ ကျောင်းသူ လူငယ်လူရွယ်များအနေဖြင့် ဘက်စုံထူးချွန်သော လူရည်ချွန်၊ လူရည်မွန်များ ဖြစ်လာစေရန်နှင့် နောင်တစ်ချိန်တွင် နိုင်ငံတော်က အားထားရသည့် လူကောင်းလူတော်များ ဖြစ်လာစေရန်၊ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်၍ လူငယ်နှင့် စာဖတ်ခြင်းခေါင်းစဉ်ဖြင့် စာဖတ်ရှိန်မြှင့်တင်ရေးဆိုင်ရာ သိကောင်းစရာများကို အသိပညာပေးဟောပြောခဲ့သည်။
ထို့နောက် ကျောင်းသား/ကျောင်းသူများက ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများမှ ခင်းကျင်းပြသထားသည့် စာအုပ်စာစောင်များနှင့် နံရံကပ်စာစောင်များအား စိတ်ဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ဖြိုးသီဟ