ဒလမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community centre) ခန်းမ၌ ပန်းချီပြိုင်ပွဲနှင့် နံရံကပ်စာစောင်ပြပွဲပြုလုပ်

ဒလ ဇန်နဝါရီ

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre၌ ကျောင်းသား၊ ကျောင်းသူများ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ပန်းချီပြိုင်ပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ဇန်နဝါရီ ၂၆ ရက်နေ့ နံနက် (၁၀) နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

ဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သီတာဝင်းက ပြိုင်ပွဲပြုလုပ်ပေးရခြင်းရည်ရွယ်ချက်နှင့် နွေရာသီကျောင်းပိတ်ရက် ပြည်သူ့စာကြည့်တိုက်တွင် အသိပညာဗဟုသုတရရှိစေရန် စာအုပ်စာပေများနှင့် သုတရသစာအုပ်စာစောင်များကို အခမဲ့လာရောက်ဖတ်ရှုပြီး ငှားရမ်းနိုင်ကြောင်း ပြောကြားခဲ့သည်။ ဆက်လက်၍ ပြိုင်ပွဲစည်းမျဥ်း၊ စည်းကမ်းများ‌ ရှင်း‌လင်းပြောကြားခဲ့ပြီး ပန်းချီပြိုင်ပွဲပြုလုပ်ခဲ့ရာ ကျောင်းသား၊ ကျောင်းသူများ ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လူငယ်ရေးရာအသိပညာပေး နံရံကပ်စာစောင်များ၊ မှတ်တမ်းဓာတ်ပုံများ ပြသထားရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြသည်။

ရဲရင့်သူ (ပြန်/ဆက်)