ပူတာအို ဇန်နဝါရီ ၂၇
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကချင်ပြည်နယ်၊ ပူတာအိုခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနက ကြီးမှူး၍ အသေးစား၊ အငယ်စားစီးပွားရေးလုပ်ငန်းရှင်များ ပေါ်ထွန်းလာစေရန်၊ လူငယ်များ အလုပ်အကိုင်အခွင့်အလမ်း ဖန်တီးပေးခြင်းအားဖြင့် ဒေသခံပြည်သူများ ဝင်ငွေတိုးပွားလာစေရန်၊ တစ်ပိုင်တစ်နိုင် ကိုယ်ပိုင်လုပ်ငန်းများ ထူထောင်လုပ်ကိုင်လာနိုင်စေရန်နှင့် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု ဆိုင်ကယ်ပြင်နည်းပညာများ သင်ကြားပေးခြင်းအားဖြင့် ဆိုင်ကယ်ပြင်ဆိုင်များတိုးပွားလာကာ ခရီးသွားပြည်သူများအတွက် အထောက်အကူဖြစ်စေရန် ရည်ရွယ်ဖွင့်လှစ်သော အခြေခံမော်ဆိုင်ကယ် ပြုပြင်ထိန်းသိမ်းနည်းပညာသင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်(၉)နာရီခွဲက ပူတာအိုမြို့ မူလာရှီးဒီရပ်ကွက်၊ လူထုအခြေပြုလေ့လာသင်ယူရေးစင်တာခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် ခရိုင်ကျေးလက်ဒေသဖွံ့တိုးတက်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါ်ခင်မေညွှန့်က သင်တန်းဖွင့်အမှာစကားပြောကြားပြီး ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဦးအောင်ကိုထွေးက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များကိုရှင်းလင်းပြောကြား သည်။
ဆက်လက်၍ မြို့နယ်သမဝါယမဦးစီးဌာနဦးစီးမှူး ဦးခေါ်ဒုဒီးဆားရ်က သင်တန်းတွင် အသုံးပြုမည့် သင်တန်းသုံးလုပ်ငန်းပစ္စည်းများအား သင်တန်းသားတစ်ဦးထံ လွှဲပြောင်းပေးအပ်ခဲ့ပြီး မြို့နယ်ရဝမ်စာပေနှင့် ယဉ်ကျေးမှုအသင်းဥက္ကဋ္ဌ ဦးမဖန်းဆင်ဆုန်းက သင်တန်းသားများအနေဖြင့် သင်တန်းမှသင်ကြားပေးသော နည်းပညာများအား ကြိုးစားသင်ယူလေ့လာကြရန် အားပေးစကား ပြောကြားသည်။
ထို့နောက် အခမ်းအနားတက်ရောက်လာသည့် ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများက သင်တန်းသုံး ကုန်ကြမ်းပစ္စည်းများ ခင်းကျင်းပြသထားရှိမှုများကို ကြည့်ရှုအားပေးပြီး အမှတ်တရ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြသည်။
အဆိုပါသင်တန်းသို့ ပူတာအိုမြို့ မူလာရှီးဒီရပ်ကွက်မှ သင်တန်းသား(၂၀)ဦးတက်ရောက်မည်ဖြစ်ပြီး သင်တန်းတွင် မော်တော်ဆိုင်ကယ် အစိတ်အပိုင်းများနှင့်အလုပ်လုပ်ပုံ၊ ကာဗျူရေတာ ဖြုတ်/ တပ်စစ်ဆေးခြင်း၊ အင်ဂျင်ဟက်နှင့်အင်ဂျင်ဘလောက်များ ဖြုတ်/တပ်စစ်ဆေးခြင်း၊ သံလိုက်အုံနှင့် ကလပ်အုံ ဖြုတ်/တပ် စစ်ဆေးခြင်း၊ ဂီယာဘောက် ဖြုတ်/တပ်စစ်ဆေးခြင်း၊ မော်တော်ဆိုင်ကယ် မီးပေးစနစ်များ အလုပ်လုပ်ပုံများနှင့် သွယ်တန်းခြင်းများကို ခရိုင်အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ သင်တန်းနည်းပြများက ဇန်နဝါရီ(၂၆)ရက်နေ့မှစတင်၍ သင်တန်းကာလရက်ပေါင်း(၃၀) တစ်လကြာ စာတွေ့လက်တွေ့သင်ကြားပို့ချ သွားမည်ဖြစ်ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)