ကျန်းမာပျော်ရွှင်ပြီး ထူးချွန်ထက်မြက်စေရေးတိုင်းရင်းဆေးပညာအကြောင်းအသိပညာပေး၊ ကျန်းမာရေးစောင့်ရှောက်မှုများဆောင်ရွက်

ကျောက်ဆည် ဇန်နဝါရီ ၂၇

မန္တလေးတိုင်းဒေသကြီ၊ ကျောက်ဆည်ခရိုင် ကျောက်ဆည်မြို့နယ်တိုင်းရင်းဆေးကုသရေးဦးစီးဌာနမှ ကျောင်းသား/ကျောင်းသူများ ကျန်းမာပျော်ရွှင်ပြီး ဘက်စုံထူးချွန်ထက်မြက်စေရေး ယနေ့နံနက် ၁၀ ပိုင်းက အခြေခံပညာဦးစီးဌာနနှင့်ပူးပေါင်း၍ တောင်နောက်ကျေးရွာ အခြေခံပညာမူလတန်းကျောင်း၌ တိုင်းရင်းဆေးပညာအကြောင်း အသိပညာပေးဟောပြောပွဲနှင့် ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်သည်။

အသိပညာပေးဟောပြောပွဲ၌ ခရိုင်တိုင်းရင်းဆေးမှူး ဦးဇော်လင်းထင်က ကျန်းမာရေးသည် လူသားတိုင်းအတွက် အရေးကြီးသည့်အတွက် ကျောင်းသား/ကျောင်းသူများအနေဖြင့် တစ်ကိုယ်ရည်သန့်ရှင်းရေး၊ ကျောင်းနှင့်ဝန်းကျင်သန့်ရှင်းရေး လုပ်ငန်းများကို နေ့စဉ်ပြုလုပ်သွားရမည်ဖြစ်ပြီး ရာသီအလိုက် ဖြစ်ပွားတတ်သော ရောဂါများအကြောင်း အသိပညာပေး ဟောပြောသည်။

ထို့နောက် ခရိုင်တိုင်းရင်းဆေးမှူး၊ မြို့နယ်တိုင်းရင်းဆေးကုဌာနမှ ဒေါ်ဆွေဆွေမြင့်နှင့် ဝန်ထမ်းများက အဆိုပါကျောင်းရှိ ဆရာမ သုံးဦး၊ ကျောင်းသား ၃၀ ၊ ကျောင်းသူ ၂၅ ဦး စုစုပေါင်း ၅၈ ဦးတို့အား အခမဲ့ ကျန်းမာရေးစစ်ဆေးခြင်းနှင့်ဆေးကုသခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သက်မောင်(ကျောက်ဆည်)