လားရှိုးမြို့ လူထုအခြေပြုဗဟိုဌာန(Community Centre)တွင် အခမ်းအနားမှူးသင်တန်း (၂/၂၀၂၆) ဖွင့်လှစ်

လားရှိုး ဇန်နဝါရီ ၂၇

ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်ရုံးနှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း) ကုန်သည်များနှင့် စက်မှုလုပ်ငန်းရှင်များ အသင်းတို့ပူး‌ပေါင်း၍ အခမ်းအနားမှူးသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်(၉)နာရီက လားရှိုးခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre) ရှိ ဘက်စုံသုံးခန်းမ၌ ကျင်းပသည်။

‌ရှေ့ဦးစွာ သင်တန်းဖွင့်ပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တွဲဖက်ပြည်နယ်ရုံး (လားရှိုး)မှ ဒုတိယညွှန်ကြားရေးမှူး ဦးဇော်ဌေးအောင်က အခမ်းအနားမှူးသင်တန်း (၂/၂၀၂၆) ဖွင့်လှစ်ပေးသည့် ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် ရှမ်းပြည်နယ်(မြောက်ပိုင်း) ကုန်သည်များနှင့် စက်မှုလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးဇော်မြင့်ထွေးက အမှာစကားပြောကြားပြီး သင်တန်းဖွင့်လှစ်နိုင်ရန်အတွက် အလှူငွေကျပ် (၁၀) သိန်းအား ပေးအပ်လှူဒါန်းခဲ့ရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လားရှိုးခရိုင်ရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးစိုင်းထွန်းနေလှိုင်က လက်ခံရယူခဲ့ပြီး ကျေးဇူးတင်စကားနှင့် ဖေဖော်ဝါရီလအတွင်းဖွင့်လှစ်မည့် အခြေခံဓာတ်ပုံ၊ ဗွီဒီယိုရိုက်ကူးတည်းဖြတ်နည်းသင်တန်းအား ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ သင်တန်းခန်းမ၌ အခမ်းအနားမှူးသင်တန်းအား ဖွင့်လှစ်ခဲ့ရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တွဲဖက်ပြည်နယ်ရုံး(လားရှိုး)မှ ဒုတိယညွှန်ကြားရေးမှူး ဦးဇော်ဌေးအောင်နှင့်  လင်းလပြည့်ဝန်း ကိုယ်ပိုင်အထက်တန်းကျောင်းမှ ကျောင်းအုပ်ကြီး ဒေါက်တာဝင်းဗိုလ်တို့က Master of Ceremony (M.C) တစ်ဦးတွင် ရှိရမည့် အဓိကအရည်အချင်းများ၊ ရုပ်ပိုင်းဆိုင်ရာ၊ ဝတ်စားဆင်ယင်မှု၊ ကြိုတင်ပြင်ဆင်မှုများ၊ ဆောင်ရန်၊ ရှောင်ရန်များ၊ အသံပိုင်းဆိုင်ရာ၊ မိုက်အသုံးပြုမှု၊ ခန်းမတွင်းနှင့် ခန်းမပြင် ဆောင်ရွက်ရသည့်အခမ်းအနားများ၊ အခမ်းအနားအစီအစဉ်များ၊ အခမ်းအနားစတင်ရာတွင် ကြိုတင်ပြင်ဆင်ထားရမည်များနှင့် သိရှိထားရမည့် အထွေထွေဗဟုသုတများ စသည့်အကြောင်းအရာများအား စာတွေ့လက်တွေ့ သင်ကြားပို့ချပေးလျက်ရှိသည်။

အဆိုပါ အခမ်းအနားမှူး (၂/၂၀၂၆) သင်တန်းအား ဇန်နဝါရီလ ၂၇ ရက်နေ့မှ ၂၈ ရက်နေ့အထိ ဖွင့်လှစ်သင်ကြားပေးမည်ဖြစ်ပြီး သင်တန်းသား သင်တန်းသူ ၃၂ ဦး တက်ရောက် သင်ကြားလျက်ရှိကြောင်း၊  (၁/၂၀၂၆) သင်တန်းအား ဇန်နဝါရီလ ၂၀ ရက်နေ့မှ  ၂၁ ရက်နေ့အထိ ဖွင့်လှစ်သင်ကြားပေးခဲ့ရာ သင်တန်းသား သင်တန်းသူ ၂၁ ဦး တက်ရောက် သင်ကြားခဲ့ပြီး သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့ကြောင်း သိရသည်။

လူမော် (ပြန်/ဆက်)