မန္တလေးမြို့ မဟာအတုလဝေယန်(အတုမရှိ)ကျောင်းတော်ကြီးတွင် (၃၇)ကြိမ်မြောက် မဟာဘွဲ့နှင်းသဘင် အခမ်းအနား  ခမ်းနားထည်ဝါစွာ ကျင်းပနိုင်ရေးလုပ်ငန်းညှိနှိုင်း 

ချမ်းအေးသာစံ  ဇန်နဝါရီ ၂၇

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနကကြီးမှူး၍ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် ဆက်ကပ်လှူဒါန်းပူဇော်သည့် (၃၇)ကြိမ်မြောက် မဟာဘွဲ့နှင်းသဘင်အခမ်းအနားကို  မန္တလေးမြို့အောင်မြေသာစံမြို့နယ်ရှိ မဟာအတုလဝေယန်(အတုမရှိ) ကျောင်းတော်ကြီး ၌  ဖေဖော်ဝါရီ ၁၀ ရက် တွင် ဆက်ကပ်လှူဒါန်းပူဇော်ပွဲကို ခမ်းနားထည်ဝါစွာ ကျင်းပသွားမည်ဖြစ်သည်။

အဆိုပါ အခမ်းအနားကျင်းပရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇန်နဝါရီ ၂၆ ရက် မွန်းလွဲပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင်ကျင်းပရာ အခမ်းအနားကျင်းပရေးဦးစီးကော်မတီနာယက  တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးအောင်နှင့် ဦးစီးကော်မတီ၊ လုပ်ငန်းကော်မတီများမှတာဝန်ရှိသူများ၊ဖိတ်ကြားထားသူများတက်ရောက် ကြသည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က အစိုးရဓမ္မာစရိယစာမေးပွဲ၊ ပါဠိပထမပြန်စာမေးပွဲ၊ နိကာယ်စာမေးပွဲ၊ အဘိဓမ္မာ နှင့် ဝိသုဒ္ဓိမဂ်စာမေးပွဲများတွင် မြန်မာတစ်နိုင်ငံလုံးမှ ထူးချွန်စွာအောင်မြင်တော်မူခဲ့ကြသည့် စာအောင်သံဃာတော်၊သီလရှင်နှင့်လူပုဂ္ဂိုလ်များကို ဆက်ကပ်လှူဒါန်းသည့် မဟာဘွဲ့နှင်းသဘင်အခမ်းအနားကို ရန်ကုန်မြို့နှင့်မန္တလေးမြို့တို့၌ တစ်လှည့်စီ ကျင်းပလျက်ရှိကြောင်း၊ ယခုနှစ်တွင် မန္တလေးမြို့ မဟာအတုလဝေယန်(အတုမရှိ)ကျောင်းတော်ကြီး၌ နိုင်ငံတော်အဆင့်အခမ်းအနားနှင့်အညီ  ကျင်းပသွားမည်ဖြစ်ကြောင်း၊   ၂၀၂၅ ခုနှစ် မတ်လတွင် မန္တလေးငလျင်ကြီးကြောင့်ဖြစ်ပေါ်ခဲ့သည့်အခက်အခဲများကြားမှ အစိုးရဓမ္မာစရိယနှင့်ပါဠိပထမပြန်စာမေးပွဲများ ပြန်လည်ကျင်းပနိုင်ခဲ့ပြီး ထူးချွန်စွာအောင်မြင်တော်မူခဲ့ကြသည့် သံဃာတော်များ၊ သီလရှင်များ၊ လူပုဂ္ဂိုလ်များပေါ်ထွန်းခဲ့ပါကြောင်း၊ (၃၇)ကြိမ်မြောက် မဟာဘွဲ့နှင်းသဘင် အခမ်းအနားတွင်ဓမ္မာစရိယအထူးအောင်(၄)ပါး၊ပါဠိပထမပြန်အထူးအောင်(၁၆)ပါး၊ ဓမ္မာစရိယပါဠိဂုဏ်ထူး (၁)ပါး၊ ဓမ္မာစရိယမြန်မာဂုဏ်ထူး (၁၃)ပါး၊ ဓမ္မာစရိယ(ရိုးရိုး)အောင်(၁၁၄၇)ပါးတို့အားဘွဲ့တံဆိပ်တော်အဆောင်အယောင်များ ဆက်ကပ်လှူဒါန်းပူဇော်သွားမည်ဖြစ်ပြီးအဘိဓမ္မာနှင့်ဝိသုဒ္ဓိမဂ်စာမေးပွဲ တစ်ပြည်လုံးတွင်ဆုရရှိသူ လူပုဂ္ဂိုလ်(၉)ဦးတို့အား အောင်လက်မှတ်များနှင့် ဆုများချီးမြှင့်သွားမည်ဖြစ်ပါကြောင်း၊ ယခင်နှစ်များက ကျင်းပပြီးစီးခဲ့သည့် အတွေ့အကြုံများအပေါ် ပြန်လည်သုံးသပ်ကာ ဆောင်ရွက်ရမည့်ကဏ္ဍများ အလိုက်  အားနည်းချက်များမရှိစေရန် ဝိုင်းဝန်းပူးပေါင်းကာ စနစ်တကျကြပ်မတ်ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း ပြောကြားသည်။

၎င်းနောက် ဦးစီးကော်မတီမှ တိုင်းဒေသကြီးဝန်ကြီးများနှင့်တာဝန်ရှိသူများ၊ လုပ်ငန်းကော်မတီဝင်များက ကဏ္ဍများအလိုက်  လုပ်ငန်းများဆောင်ရွက်သွားမည့်အစီအမံများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြကြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ရှင်းလင်းတင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ချမ်းမြေ့မောင်(ချမ်း/စံ)