တောင်ကြီး ဇန်နဝါရီ ၂၇
ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေဝင်အောင်သည် ရှမ်းပြည်နယ် အသေးစားစက်မှုလက်မှုလုပ်ငန်းဦစီးဌာနရုံး လေ့ကျင့်ပျိုးထောင်ရေးစင်တာ၌ ကျင်းပသည့် အိမ်တွင်းစက်မှုလက်မှုလုပ်ငန်းကော်မတီ အစည်းအဝေးအမှတ်စဉ် (၇/၂၀၂၅-၂၀၂၆)သို့ ယနေ့နံနက်ပိုင်းက တက်ရောက်သည်။
အစည်းအဝေး၌ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေဝင်းအောင်က အဖွင့်အမှာစကားပြောကြားရာတွင် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း အစည်းအဝေး (၆)ကြိမ်ပြုလုပ်၍ လုပ်ငန်းပေါင်း(၅၆၆)ခုအား မှတ်ပုံတင်ပေးနိုင်ခဲ့ပြီးဖြစ်ကြောင်း၊ ယခုအစည်းအဝေးသည် လုပ်ငန်းပေါင်း(၄၀)ခုကို စိစစ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ အိမ်တွင်းစက်မှုလက်မှုလုပ်ငန်းများ မှတ်ပုံတင်ပေးခြင်းသည်လည်း MSMEs လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း၊ ဦးစီးဌာနအနေဖြင့် မှတ်ပုံတင်ပြီးသည့် လုပ်ငန်းများကိုလည်း ထဲထဲဝင်ဝင်လေ့လာ၍ အခက်အခဲများအား ကူညီဖြေရှင်းပေးစေလိုကြောင်း၊ MSMEs လုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေရေးအတွက် ယခုထက် ပိုမိုပြည့်စုံကောင်းမွန်အောင် ဆောင်ရွက်သွားကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူး ဦးစိုးနိုင်ထူးက လုပ်ငန်းမှတ်ပုံတင်များနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီး တက်ရောက်လာသည့် မှတ်ပုံတင်လုပ်ငန်းစိစစ်ရေးကော်မတီအဖွဲ့ဝင်များက အကြံပြုဆွေးနွေးကြရာ တင်ပြမှုများအပေါ် ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီးက ဖြည့်စွက်ဆွေးနွေး၍ တင်ပြထားသည့် လုပ်ငန်းမှတ်ပုံတင်များအား အတည်ပြုလက်မှတ်ရေးထိုးပေးခဲ့ကြောင်း သိရသည်။
ရှမ်းပြည်နယ် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနအနေဖြင့် ရှမ်းပြည်နယ်အတွင်း အသေးစားစက်မှုလက်မှုလုပ်ငန်းပေါင်း(၂၂၀၃)ခုကို မှတ်ပုံတင်ခွင့်ပြုပေးပြီးဖြစ်ကြောင်း သိရသည်။
ထက်ဝေအောင်(ပြန်/ဆက်)