ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးမင်းမင်းလွင် အားကစားနှင့်ကာယပညာဦးစီးဌာန ရွှေညောင်မြို့နယ် ဖူဆယ်အားကစားရုံ တည်ဆောက်ခြင်းလုပ်ငန်းအား သွားရောက်ကြည့်ရှုစစ်ဆေး

တောင်ကြီး ဇန်နဝါရီ ၂၇

ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးမင်းမင်းလွင်သည် ရှမ်းပြည်နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူး ဦးကျော်ကျော်သိန်းနှင့် တာဝန်ရှိသူများနှင့်အတူ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန တောင်ကြီးမြို့နယ်၊ ညောင်ရွှေမြို့၌ ဖူဆယ်အားကစားရုံ (၁၅၀'×၁၁၀') ပွဲကြည့်စင်အပါ တည်ဆောက်ခြင်း လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကို ယမန်နေ့မွန်းလွဲပိုင်းက သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ထိုသို့စစ်ဆေးရာတွင် ဖူဆယ်အားကစားရုံအား တာဝန်ယူတည်ဆောက်လျက်ရှိသည့် ရှမ်းချယ်ရီတောင်တန်း ဆောက်လုပ်ရေးကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက လုပ်ငန်းဆောင်ရွက်မှု အခြေအနေများ ရှင်းလင်းတင်ပြရာ တင်ပြမှုများအပေါ် ပြည်နယ်လူမှုရေးရာဝန်ကြီးက  လုပ်ငန်းများ သတ်မှတ်စံချိန်စံနှုန်းများနှင့်အညီ အရည်အသွေးပြည့်မီအောင် ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေး ဆောင်ရွက်ရန်၊ သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီး အောင်ဆောင်ရွက်ရန် လိုအပ်ကြောင်းမှာကြားသည်။

ထို့နောက် ပြည်နယ်လူမှုရေးရာဝန်ကြီးသည် မြို့နယ်ဘောလုံးကွင်းအား ကြည့်ရှုစစ်ဆေးရာ ဥပဓိရုပ်ကောင်းမွန်စေရေး ဘောလုံးကွင်းပတ်လည်တွင် စိုက်ပျိုးထားသည့် အပင်များရှင်သန်အောင် ဆောင်ရွက်ရန်၊ ရေစီးရေလာကောင်းမွန်စေရေး ရေမြောင်းအား စနစ်တကျဆောင်ရွက်ရန်နှင့် အခြားလိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။

ထက်ဝေအောင်(ပြန်/ဆက်)