ဥတ္တရခရိုင် ပြည်သူ့စာကြည့်တိုက်၌ (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ဟောပြော၊ ပြိုင်ပွဲများနှင့် ပြပွဲများ ကျင်းပ

ဥတ္တရသီရိ ဇန်နဝါရီ ၂၇

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက်၌ (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် မူလတန်းအဆင့် ဟောပြောပွဲ၊  ပုံပြင်ပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ ဉာဏ်စမ်းပဟေဠိပြိုင်ပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါပြိုင်ပွဲတွင် ဥတ္တရခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဆွေဆွေဝင်းက ဟောပြောပွဲ၊ ပြိုင်ပွဲများနှင့် ပြပွဲများ ကျင်းပပြုလုပ်ပေးခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားရာ (၇၉)နှစ်မြောက်    ပြည်ထောင်စုနေ့ဖြစ်ပေါ်လာပုံ၊ သမိုင်းဝင်နေ့ထူးနေ့မြတ်ဖြစ်ကြောင်း၊  ကျောင်းသားလူငယ်များ၏ အသိစိတ်ထဲတွင် အမြဲထာဝရကိန်းအောင်း ရှင်သန်နေစေရန်၊ ကျောင်းစာများအပြင် ပြင်ပဗဟုသုတများရရှိစေရန်၊ ဉာဏ်ရည်ဉာဏ်သွေးများ ထက်မြက်လာစေရန်၊ ကဏ္ဍပေါင်းစုံ၌ ထူးချွန်ထက်မြက်တဲ့လူရည်ချွန်များ ဖြစ်လာကြစေရန် စသည့်ရည်ရွယ်ချက်များဖြင့် ယခုလိုပြိုင်ပွဲများနှင့် ပြပွဲများကျင်းပ ပြုလုပ်ပေးခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် စာရေးဆရာမ ချယ်ချယ်(YU)က ပြည်ထောင်စုနေ့ဖြစ်ပေါ်လာပုံအကြောင်း အသိပညာပေးဟောပြောခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများက ကဗျာရွတ်ဆိုပြိုင်ပွဲ၊ ပုံပြင်ပြောပြိင်ပွဲနှင့် ဉာဏ်စမ်းပဟေဠိပြိုင်ပွဲများကို စတင်ယှဉ်ပြိုင်ခဲ့ရာ ဥတ္တရခရိုင် အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များက ကြည့်ရှုအားပေးပြီး အဟာရဖြည့်စား‌သောက်ဖွယ်ရာများ ကျွေးမွေးခဲ့ကြသည်။

ယင်းနောက် ပြိုင်ပွဲများတွင် ပထမ၊ ဒုတိယ၊ တတိယဆု ရရှိကြသော ကျောင်းသား၊ ကျောင်းသူများအား လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဆွေဆွေဝင်းနှင့် တာဝန်ရှိသူများက ဆုတံဆိပ်များ၊ ကျောင်းသုံးဗလာစာအုပ်နှင့် ဘောလ်ပင်များ ပေးအပ်ချီးမြှင့်ခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ‌ရေးဦးစီးဌာန(ရုံးချုပ်)မှ ထုတ်ဝေသော (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့သည်။

ထို့နောက် ဥတ္တရခရိုင် ပြည်သူ့စာကြည့်တိုက်မှ ခင်းကျင်းပြသထားသော သုတရသစာအုပ်စာစောင်များနှင့် အသိပညာ‌ပေးနံရံကပ်စာစောင်များကို ကျောင်းသား၊ ကျောင်းသူများက လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။

အောင်မျိုးဝင်း(ဥတ္တရ)