ကာမိုင်း ဇန်နဝါရီ ၇
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ကာမိုင်းမြို့၌ ပြည်သူ့အားကစားကွင်း ပြုပြင်မွမ်းမံပြီးစီး၍ ထိန်းသိမ်းစောင့်ရှောက် ပေးနိုင်ပါရန်အတွက် မြို့အားကစားနှင့် ကာယပညာ ကော်မတီသို့ အပ်နှံခြင်း အခမ်းအနားကို ယနေ့နံနက် ၉ နာရီက ကျင်းပခဲ့သည်။
ရှေးဦးစွာ အခမ်းအနားတွင် ပြည်နယ်အားကစားနှင့် ကာယပညာ ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်သူက ကာမိုင်းမြို့ အားကစားကွင်းအား မြို့အားကစားနှင့် ကာယပညာ ကော်မတီမှ ထိန်းသိမ်းစောင့်ရှောက် နိုင်ရန်အတွက် အမှာစကား ပြောကြားပြီး၊ Hein Group Sky ကုမ္ပဏီမှ မန်နေဂျင်းဒါရိုက်တာ ဦးဆန်းဦးက ၎င်းအားကစားကွင်းအား ပြုပြင်မွမ်းမံခြင်း နှင့်စပ်လျဉ်၍ ရှင်းလင်း ပြောကြားကာ၊ မြို့ပေါ် ရပ်ကွက်/ကျေးရွာ အားကစားနှင့် ကာယပညာ ကော်မတီမှ အဖွဲ့ဝင်တစ်ဦးဖြစ်သည့် ဦးကျော်ကျော်ဦးက ကျေးဇူးတင်စကား ပြောကြားခဲ့ကြောင်း သိရသည်။
အဆိုပါ အားကစားကွင်းအား ပြုပြင်မွမ်းမံခြင်း လုပ်ငန်းများ ဆောင်ရွက်ရာတွင် ပြည်နယ် အား/ကာ ဦးစီးဌာန၏ လမ်းညွှန်ချက်ဖြင့် ပရိသတ်လူကြည့်စင်အသစ် ဆောက်လုပ်ခြင်း၊ သံဇကာခြံစည်းရိုးခတ်ခြင်း၊ ဂိုးတိုင်များဆေးသုတ်ခြင်းနှင့် ဝင်ပေါက်သံပန်းတံခါးများ တပ်ဆင်ပေးခြင်း လုပ်ငန်းများကို ပြည်နယ် ဘတ်ဂျက်ဖြင့် ဆောင်ရွက်ခဲ့ကြောင်း ပြည်နယ် အားကစားနှင့် ကာယပညာ ဦးစီးဌာနမှ သိရသည်။
ဇွဲသူရအောင်(ပြန်/ဆက်)