ကျေးသီး ဇန်နဝါရီ ၂၅
၂၀၂၆ ခုနှစ် ဇန်နဝါရီ ၂၅ ရက်တွင် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအပိုင်း(၃) ကျင်းပမည့် မိုင်းရှုးခရိုင် ကျေးသီးမြို့နယ်မှ ဒေသခံ လူငယ်များ၏ ရွေးကောက်ပွဲအပေါ်အမြင်နှင့် သဘောထားများကို ကျေးသီးမြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ယခုလိုတွေ့ဆုံ မေးမြန်းခဲ့ပါသည် -
စိုင်းသိန်းဦး (ကျေးသီးမြို့၊ ဈေးရပ်ကွက်)
မေး။ ။ ဒီရွေးကောက်ပွဲမှာ ဆန္ဒမဲပေးတာက ပြည်သူတွေအတွက် ဘယ်လောက်အထိ အရေးပါတယ်လို့ ထင်ပါသလဲ။
ဖြေ။ ။အရေးပါတာပေါ့ခင်ဗျာ..ဘာလို့လဲဆိုတော့ ကျွန်းတော်တို့ နိုင်ငံတော်က ဒီအခက်အခဲ ပြသနာတွေကြားထဲမှာမှ ဒီရွေးကောက်ပွဲကြီးကို ဖြစ်မြောက်အောင်ကျင်းပနေတာပါ။ ဒါဟာ ကျွန်တော်တို့ပြည်သူတွေအတွက် မှန်ကန်တဲ့ထွက်ပေါက်တစ်ခုလို့ မြင်ပါတယ်။ ဒါ့ကြောင့် ပြည်သူတွေအတွက် အလွန်အရေးကြီးပါတယ်။ ကျွန်တော်အကြိုက်ဆုံးဖြစ်တဲ့ပါတီကိုလည်း မဲပေးခဲ့ပါတယ်။
မေး။ ။ ရွေးကောက်ပွဲမှာ မဲပေးဖို့ စဉ်းစားတွေဝေနေတဲ့သူအချို့ ရှိပါတယ်၊ အဲ့ဒီလူတွေကိုရော ဘယ်လို ဖိတ်ခေါ်ချင်ပါသလဲ။
ဖြေ။ ။ ဟုတ်ကဲ့ စဉ်းစားတွေဝေနေတဲ့သူတွေကို ပြောချင်တာက မဲပေးဖြစ်အောင်ပေးပါခင်ဗျာ။ ဘာလို့လည်းဆိုတော့ ဒီရွေးကောက်ပွဲကနေမှ ကျွန်တော်တို့နိုင်ငံဟာ ကောင်းမွန်တဲ့ အလှည့်အပြောင်းတစ်ခုဖြစ်မှာဖြစ်တဲ့အတွက် အသည်းကြားက မဲတစ်ပြားကိုပေးဖြစ်အောင် လာပေးကြပါလို့ ကျွန်တော်ကတော့ ဖိတ်ခေါ်ခင်ပါတယ်ခင်ဗျာ။
စိုင်းအောင်
မေး။ ။ အကို မဲပေးပြီးသွားပြီလားရှင့်။
ဖြေ။ ။ ကျွန်တော်တို့ မြို့နယ်က ရွေးကောက်ပွဲ အပိုင်း(၃)မှာ ပါဝင်တဲ့အတွက် အခုယနေ့ ဇန်နဝါရီ ၂၅ ရက်နေ့မှ မဲပေးပါတယ်။
မေး။ ။ အကို့အနေနဲ့ ရွေးကောက်ခံ ကိုယ်စားလှယ်လောင်းတွေက ဘယ်လိုအရည်အချင်းရှိဖို့ လိုအပ်မယ်လို့ ထင်ပါသလဲ။
ဖြေ။ ။ ပါတီကိုယ်စားလှယ်လောင်းတွေအနေနဲ့ကတော့ အဓိကအားဖြင့် အခြေခံပညာတတ်မြောက် သင့်တယ်၊ နိုင်ငံတကာ အတွေ့အကြုံတွေ ဗဟုသုတတွေ ပြည့်စုံဖို့လိုသလို နိုင်ငံရေး၊ စီးပွားရေး အမြင်တွေရှိဖို့လိုမယ်လို့ ထင်ပါတယ်။
မေး။ ။ ရွေးကောက်ပွဲက နိုင်ငံအတွက် ဘယ်လောက်အရေးပါမယ်လို့ ထင်ပါသလဲ။
ဖြေ။ ။ ဒီရွေးကောက်ပွဲက ကျွန်တော်တို့ နိုင်ငံအတွက် အများကြီးအရေးပါ ပါတယ်ဗျ၊ ဘာလို့လည်းဆိုတော့ ကျွန်တော်တို့ နိုင်ငံရဲ့ အလှည့်အပြောင်းပေါ့နော်။ ဒီရွေးကောက်ပွဲက ကျွန်တော်တို့ နိုင်ငံနဲ့ပြည်သူတွေအတွက် ကောင်းမွန်တဲ့အရွေ့တစ်ခုကို သွားမယ်လို့ မျှော်လင့်ရတာပေါ့။ ဒါ့ကြောင့် ရွေးကောက်ပွဲဟာ အင်မတန်အရေးကြီးတယ်လို့ မြင်ပါတယ်။
ကိုချစ်ဦး(ဟော်ကုန်းရပ်ကွက်)
မေး။ ။ အခု မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM)တွေနဲ့ မဲပေးရမှာဆိုတော့ မောင်လေး စိတ်ထဲမှာ ဘယ်လိုခံစားရသလဲ။
ဖြေ။ ။ အဲ အခုလို မဲပေးစက်တွေနဲ့ မဲပေးရမှာဆိုတော့ အတွေ့အကြုံသစ်တစ်ခုဖြစ်နေတော့ နည်းနည်းတော့ ရင်ခုံပါတယ်။ နောက်ပြီး ဒီစက်တွေက အရင်တုန်းကထက်စာရင် အမှားအယွင်းနည်းပြီး ပိုတိကျမြန်ဆန်လိမ့်မယ်လို့ ထင်ပါတယ်ခင်ဗျာ။
စိုင်းငွေအာင်(လုံပုရပ်ကွက်)
မေး။ ။ အခုရွေးကောက်ပွဲမှာ MEVM မဲပေးစက်တွေနဲ့ မဲပေးရမှာဆိုတော့ဘယ်လိုခံစားရပါသလဲ
ဖြေ။ ။ ကျွန်တော်က အခုမှ ပထမဆုံးအကြိမ် မဲပေးရမှာပါ…နောက်ပြီး ပထမဆုံးမဲပေးရမဲ့အချိန်မှာ အခုဒီစက်တွေနဲ့ မဲပေးရမှာ ဆိုတော့ ရင်ခုံပါတယ်…ဒါပေမဲ့ အတွေ့အကြုံသစ်တွေ ရရှိမှာဖြစ်လို့ မဲပေးရမှာကို ဝမ်းသာမိပါတယ်။
မေး။ ။မောင်လေးအနေနဲ့ အခုမဲပေးရတော့မှာဆိုတော့ ဘယ်လိုကိုယ်စားလှယ်လောင်းမျိုးကို မဲပေးရွေးချယ်မယ်လို့ စိတ်ကူးထားပါသလဲ။
ဖြေ။ ။ ကျွန်တော်တို့ဒေသ၊ မြို့နယ်ရပ်ကွက်တွေဖွံ့ဖြိုးတိုးတက်ဖို့အတွက် တကယ်အားကြိုးမာန်တက်ဆောင်ရွက်ပေးမယ့် ကိုယ်စားလှယ်လောင်းကိုပဲ ရွေးချယ်သွားမှာပါခင်ဗျာ။
ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်ရှင်။
တွေ့ဆုံမေးမြန်းနှင့်ရိုက်ကူး- ကျေးသီးပြန်/ဆက်အဖွဲ့