ညောင်ရွှေ ဇန်နဝါရီ ၁၅
ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်အတွင်း ၂၀၂၆ ခုနှစ် ဇန်နဝါရီလ(၂၅)ရက်နေ့တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၃)ကျင်းပနိုင်ရေးအတွက် အီလက်ထရောနစ်မဲပေးစက် (၈၉၁)လုံးနှင့် ဆက်စပ်ပစ္စည်းများ ညောင်ရွှေမြို့သို့ ယနေ့မွန်းလွဲပိုင်းက ရောက်ရှိခဲ့ကြောင်း သိရသည်။
အဆိုပါ မြန်မာအီလက်ထရောနစ်မဲပေးစက်နှင့် ဆက်စပ်ပစ္စည်းများ ရောက်ရှိမှုကို ကလောခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးမြင့်၊ ညောင်ရွှေမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်စွာလင်းနှင့် မြို့နယ်ကော်မရှင်အဖွဲ့ခွဲ တာဝန်ရှိသူများက စနစ်တကျ ကြီးကြပ်စစ်ဆေးလက်ခံခဲ့ပြီး မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပစ္စည်းအမျိုးအမည်ရေတွက်ခြင်း၊ စနစ်တကျနေရာချထား သိမ်းဆည်းခြင်းတို့ကို ဆောင်ရွက်ခဲ့ကြသည်။
မဲပေးစက်များနှင့် ဆက်စပ်ပစ္စည်းများ လုံခြုံဘေးကင်းစေရေးအတွက် မြန်မာနိုင်ငံရဲတပ်ဖွဲ့ တာဝန်ရှိသူများ၊ မီးသတ်တပ်ဖွဲ့တာဝန်ရှိသူများ၊ ပြည်သူ့လုံခြုံရေးနှင့်အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့ဝင်များ၊ မြို့မရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် တာဝန်ရှိသူများပူးပေါင်း၍ လုံခြုံရေးရယူဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
စိုင်းအယ်ဘဲ