ကျိုင်းတုံ ဇန်နဝါရီ ၁၅
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၊ အမှတ်(၂) ကုန်းမြင့်ဒေသလယ်ယာမြေဖော်ထုတ်ရေးစီမံကိန်းရုံံး၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ပြည်နယ်ခွင့်ပြုရန်ပုံငွေဖြင့် ကျိုင်းတုံမြို့နယ်၊ မိုင်းနော့-ဖာတကျေးရွာအုပ်စု၊ မိုင်းနော့ကျေးရွာတွင် ကုန်းမြင့်လယ်ယာမြေ ဧက ၁၀၀ ဖော်ထုတ်ခြင်းလုပ်ငန်းစီမံကိန်း ဆောင်ရွက်လျက်ရှိရာ ယမန်နေ့တွင် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။
ရွှေ့ပြောင်းတောင်ယာစိုက်ပျိုးရေးစနစ်မှ ကုန်းမြင့်လယ်ယာမြေစိုက်ပျိုးရေစနစ်သို့ အစားထိုးဖော်ဆောင်ရန်၊ ဒေသတွင်းစာနပ်ရိက္ခာဖူလုံပိုလျှံရေးကို အထောက်အကူဖြစ်စေရန် စသည့်ရည်ရွယ်ချက်များဖြင့် ကျိုင်းတုံမြို့နယ် ကုန်းမြင့်လယ်ယာမြေဖော်ထုတ်ခြင်း လုပ်ငန်းစီမံကိန်းကို ၂၀၂၅ ခုနှစ် နိုဝင်ဘာ ၁၁ ရက်တွင် လုပ်ငန်းစတင်ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ လုပ်ငန်းဆောင်ရွက်နေမှုကို ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းအရှေ့)ဥက္ကဋ္ဌ ဦးတင်လင်း၊ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဦးနိုးဝေနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုစစ်ဆေးရာ ကျိုင်းတုံမြို့၊ အမှတ်(၂)ကုန်းမြင့်ဒေသလယ်ယာမြေဖော်ထုတ်ရေးစီမံကိန်းရုံးမှ ပြည်နယ်ဦးစီးမှူး ဦးသိန်းဇော်က လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများအား ရှင်းလင်းတင်ပြသည်။ ယင်းနောက် ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ (ရှမ်းအရှေ့)ဥက္ကဋ္ဌက လုပ်ငန်းဆောင်ရွက်ရာတွင် ရေရှည်တည်တံ့ကောင်းမွန်ရေး၊ သတ်မှတ်ကာလတွင် လုပ်ငန်းများပြီးစီးနိုင်ရန်နှင့် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထို့အတူ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုခွင့်ပြုရန်ပုံငွေဖြင့် ကျိုင်းတုံမြို့နယ်၊ ကတ်ဖကျေးရွာအုပ်စု၊ ကော်ပါချန်ကျေးရွာတွင် ကုန်းမြင့်လယ်ယာမြေ ဧက ၁၀၀ ဖော်ထုတ်ခြင်းလုပ်ငန်းစီမံကိန်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အောင်ဇင်မြင့်(ပြန်/ဆက်)