သုံးခွ ဇန်နဝါရီ ၁၁
ရန်ကုန်တိုင်းဒေသကြီး သန်လျင်ခရိုင် သုံးခွမြို့နယ်တွင် ၂၀၂၆-ခုနှစ်၊ ဇန်နဝါရီလ ၂၅ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် တာဝန်ထမ်းဆောင်ကြမည့် မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်များအား လုပ်ငန်းလမ်းညွှန်ဆင့်ပွားသင်တန်းကို အမှတ်(၁)ရပ်ကွက် မင်းရဲကျော်စွာလမ်းရှိ မြို့နယ်အားကစားခန်းမ၌ ယမန်နေ့ နံနက် ၉ နာရီက ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
ဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်မျိုးဝင်းက မဲရုံမှူး၊ ဒုမဲရုံမှူးများအတွက် လုပ်ငန်းလမ်းညွှန်အကျဥ်းကို ပြောကြားရာတွင် မဲပေးစက် (MEVM)စက်များအား (၂၂-၁-၂၀၂၆) ရက်နေ့တွင် မြို့နယ်ကော်မရှင်အဖွဲ့ခွဲမှ သက်ဆိုင်ရာရပ်ကွက်၊ ကျေးရွာအုပ်စုသို့ ထုတ်ပေးမည်ဖြစ်ရာ (၂၃-၁-၂၀၂၆)ရက်နေ့တွင် မိမိမဲရုံအတွင်း ခင်းကျင်းပြင်ဆင်ရန်နှင့် မဲပေးစက်များအား စက်ကိုင်သူများမှ စမ်းသပ်ရန်၊ မဲရုံမှူးရှေ့မှောက်၌ မဲရုံကိုယ်စားလှယ်နှင့်အတူ ကိုယ်စားလှယ်တို့ကို ပုံစံ (၈) တွင် လက်မှတ်ရေးထိုးစေရန်နှင့် ယင်းခန့်စာတွင် မဲရုံမှူး ကိုယ်တိုင်လက်မှတ်ရေးထိုးထားပြီး သိမ်းဆည်းထားရန် စသည်ဖြင့် ပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်ဗိုလ်မှူး ဖြိုးမောင်မောင်က လုံခြုံရေးဆိုင်ရာကိစ္စရပ်များ၊ မြို့နယ်ရွေးကောက်ပွဲကော်မရင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးသန်းလွင်က မဲရုံမှူး ဒုမဲရုံမှူးလမ်းညွှန်များ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဒေါ်ထွေးအိငယ်ငယ်အောင်က မဲရုံမှူး၊ ဒုမဲရုံမှူးလုပ်ငန်းတာဝန်နှင့် မဲရုံးသုံးပုံစံများအား ရှင်းလင်းဆွေးနွေး ပြောကြားခဲ့ကြောင်း သိရသည်။
ဆက်လက်၍ အ.ထ.က(၂)၌ မဲရုံပြင်ဆင်ထားရှိမှု အခြေအနေများအား မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ မဲရုံမှူး ဒုမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်များက လှည့်လည်ကြည့်ရှုခဲ့ကြောင်း သိရသည်။
စည်သူလင်း (ပြန်/ဆက်)