ကော့ကရိတ်မြို့တွင် အီလက်ထရောနစ်မဲပေးစက်ကိုင်တွယ်အသုံပြုခြင်း မွမ်းမံသင်တန်းဖွင့်လှစ်

ကော့ကရိတ် ဇန်နဝါရီ ၁၀

ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်၌ မဲရုံမှူးများ၊ ဒုမဲရုံမှူးများ၊ မဲပေးစက်ကိုင်များအား အီလက်ထရောနစ် နည်းပညာပိုင်းဆိုင်ရာ မဲပေးစက်ကိုင်တွယ်အသုံးပြုခြင်း မွမ်းမံသင်တန်းအခမ်းအနားကို ယနေ့နံနက် ၉နာရီ က ကော့ကရိတ်မြို့ ဒေါနခန်းမတွင် ကျင်းပသည်။

ဦးစွာ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီခေတ္တဥက္ကဋ္ဌ ဦးမိုး‌ကျော်အောင်က အမှာစကားပြောကြားပြီး မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဌ ဦးကျော်ကျော်ဦးက ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၃) အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မွမ်းမံသင်တန်း ဖွင့်လှစ်ရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ မြို့နယ်ရွေးကောက်ပွဲအရာရှိ ဒေါ်ခိုင်မာဦးက မဲပေးစက်နည်းပညာပိုင်းဆိုင်ရာ တပ်ဆင်ကိုင်တွယ်ပုံ နည်းစနစ်များအား အဆင့်ဆင့်ရှင်းလင်းဆွေးနွေးပို့ချခဲ့ရာ တက်ရောက်လာသူများမှ သိလိုသည်များအပြန်အလှန်မေးမြန်းဆွေးနွေးကြပြီး အီလက်ထရောနစ်မဲပေးစက်အား လက်တွေ့ကိုင်တွယ် အသုံးပြုဆောင်ရွက်ကြသည်။

မွမ်းမံသင်တန်းသို့ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲအရာရှိ၊ မဲရုံမှူးများ၊ ဒုမဲရုံမှူးများ၊ မဲပေးစက်ကိုင်သင်တန်းသား/သင်တန်းသူများ တက်ရောက်ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)