မြဝတီမြို့နယ်တွင်ပြည်ဝင်ခရီးသွားစစ်တမ်း(Inbound Tourism Servey)များ ကောက်ယူရေး ဆောင်ရွက်

မြဝတီ  ဇန်နဝါရီ   ၁၀

ကရင်ပြည်နယ် မြဝတီမြို့နယ် ထိုင်း- မြန်မာချစ်ကြည်ရေးအမှတ်(၁)တံတား၌ ယနေ့ နံနက် (၉ နာရီခွဲက  ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ နိုင်ငံတကာခရီးသွားဧည့်သည်များ၏ ဝိသေသလက္ခဏာရပ်များကို သရုပ်ဖော်ရန်၊ ခရီးစဥ်ဒေသများသို့ လာရောက်ရခြင်းရည်ရွယ်ချက်များ၊ ခရီးသွားလာမှု အနေအထား၊ နေထိုင်မှုကာလနှင့်အသုံးစရိတ်ဝန်ဆောင်မှုများအပေါ် စိတ်ကျေနပ်မှုအနေအထားများကို သိရှိနိုင်စေရန်အတွက် ပြည်ဝင်ခရီးသွား စစ်တမ်း (Inbound Tourism Survey)များ ကောက်ယူခြင်းလုပ်ငန်းအား ဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်မော်အောင်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသာအောင်၊ ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ချောကြည်ကြည်၊ မြို့နယ်အကောက်ခွန်ဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ထွန်းနိုင်၊ လူဝင်မှုကြီးကြပ်ရေးဌာနခွဲ (ကရင်ပြည်နယ်) လက်ထောက်ညွှန်ကြားရေးမှူး ဦးသန့်ဇင်၊ ကမ္ဘာ့လှည့်ခရီးသွားလုပ်ငန်းလုံခြုံရေး ရဲတပ်ဖွဲ့ ဒုတိယရဲမှူး ထွန်းထွန်းနိုင်၊ မြို့နယ်အကောက်ခွန်ဦးစီးဌာန  ဦးစီးအရာရှိ ဦးသက်ဇော်အောင်၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ ရဲအုပ် ချိုမင်းပိုင်နှင့် ပူးပေါင်းအဖွဲ့မှ အပြည်ပြည်ဆိုင်ရာ ဝင်ထွက်ဂိတ်ရှိသည့် ထိုင်း-မြန်မာချစ်ကြည်ရေးတံတား အမှတ်(၁) တွင် ပြည်ဝင်ခရီးသွားဧည့်သည်များ၏ အချက်အလက်များကောက်ယူခြင်းလုပ်ငန်းနှင့် ဟိုတယ်များ တွင် တည်းခိုသော ပြည်ဝင်ခရီးသွားများထံမှ QR Code ဖြင့် Online Survey ကောက်ယူ ခြင်းလုပ်ငန်းများကို ဇန်နဝါရီ ၁၀ ရက်မှ ၁၆ ရက်အထိ ဆောင်ရွက်သွားမည်ဖြစ် ကြောင်းသိရသည်။

ဆောင်းနှင်းဖြူ (ပြန်/ဆက်)