တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ကျွန်းစုမြို့နယ် ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပ နိုင်ရေးဆောင်ရွက်မှုအား ကွင်းဆင်းကြည့်ရှု

ကျွန်းစု  ဇန်နဝါရီ  ၁၀

တနင်္သာရီတိုင်းဒေသကြီး ကျွန်းစုမြို့နယ်တွင် ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးနှင့် မဲရုံများကြိုတင်ပြင်ဆင်ဆောင်ရွက်နေမှုအား တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုသည် ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ကျော်ကျော်ဟန်၊ ပြည်ထောင်စု‌ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးသန်းထွတ်သိန်းနှင့်အဖွဲ့ဝင်များ ဇန်နဝါရီ (၉)ရက် နံနက်ပိုင်းက ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။

‌‌ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပရည်ကျွန်းရှိ ပရည်ကျွန်းကျေးရွာ မူလတန်းလွန်ကျောင်းတွင် မဲရုံပြုလုပ်မည့်နေရာအား ကြည့်ရှုခဲ့ကြပြီး မဲဆန္ဒရှင်ပြည်သူများ စနစ်တကျဆန္ဒမဲပေးနိုင်ရေး၊ ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးအတွက် ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းများကို စနစ်တကျဆောင်ရွက်ကြရန် ဝန်ကြီးချုပ်က မဲရုံတွင်တာဝန်ယူဆောင်ရွက်မည့်သူများနှင့် ကျေးရွာတာဝန်ရှိသူများအား လမ်းညွှန်မှာကြားသည်။

ဆက်လက်၍ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဒုံးပုလဲ‌အော်ကျေးရွာသို့ ရောက်ရှိခဲ့ကြပြီး နှစ်ခြင်းခရစ်ယာန် ဘုရားကျောင်းခန်းမဆောင်တွင် ဒုံးပုလဲအော်၊ လင်းလွန်း၊ ပုလောဝါး၊ ဒုံးဇလတ်ကျေးရွာများမှ ဒေသခံများအားတွေ့ဆုံရာ ကျေးရွာများအလိုက် ဒေသဖွံ့ဖြိုး တိုးတက်‌ရေးအတွက် ဒေသခံများနှင့်တာဝန်ရှိသူများက ရွာအဝင်ဆိပ်ခံတံတား၊ ရွာလယ်တံတား၊ ပညာရေး၊ ကျန်းမာရေးလိုအပ်ချက်များနှင့် အခက်အခဲများကို ရှင်းလင်းတင်ပြခဲ့ကြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် တိုင်းဒေသကြီးအတွင်းရှိ ‌ဒေသများဖွံ့ဖြိုးတိုးတက်ရေးကို အစဉ်ကြိုးပမ်းဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ဒေသအလိုက် ဖွံ့ဖြိုးရေးလုပ်ငန်းများကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ အဓိကအားဖြင့် မကြာမီ ကျင်းပမည့် ရွေးကောက်ပွဲတွင် နိုင်ငံသားအခွင့်အရေး မဆုံးရှုံးအောင် ဆန္ဒမဲပေးကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဒုံးပုလဲကျေးရွာအထက(ခွဲ) မဲရုံကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိမှုအား ကြည့်ရှုစစ်ဆေးပြီး မဲဆန္ဒရှင်ပြည်သူများ စနစ်တကျ ဆန္ဒမဲပေးနိုင်ရေး၊ ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် တာဝန်ရှိသူများမှ  ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းများကို စနစ်တကျဆောင်ရွက်ကြရန် တိုင်းဒေသကြီးဝန်ကြီးချုပ်က လမ်းညွှန်မှာကြားသည်။ ဆက်လက်၍ ကျေးရွာရှိ ဆလုံ(မော်ကဲန်)လူမျိုး‌များ ‌နေထိုင်ရာနေရာသို့သွားရောက်၍ ဆလုံလူမျိုးများအားရင်းရင်းနှီးနှီးတွေ့ဆုံပြီး ကလေးငယ်များအား အာဟာရမုန့်များနှင့် ချီးမြှင့်ငွေများ ပေးအပ်ကြသည်။

ထိုမှတစ်ဆင့် ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ဒုံးညောင်မှိုင်းကျေးရွာနှင့် ဒုံးဆွေသန်းကျေးရွာသို့ သွားရောက်၍ မဲရုံပြုလုပ်မည့်စာသင်ကျောင်းများကို ကြည့်ရှုခဲ့ကြပြီး မဲရုံကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုအား ကြည့်ရှုစစ်ဆေးပြီး မဲဆန္ဒရှင်ပြည်သူများ စနစ်တကျဆန္ဒမဲပေးနိုင်ရေး၊ ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် တာဝန်ရှိသူများမှ ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းများကို စနစ်တကျဆောင်ရွက်ကြရန် လမ်းညွှန်မှာကြားပြီး ဝန်ကြီးချုပ်မှ မဲရုံတာဝန်ကျသူများအား အာဟာရမုန့်များနှင့် ချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။

ခိုင်ထူး ( ပြန်/ဆက် )