အစိုးရစက်မှုလက်မှုသိပ္ပံ(ဘားအံ)တွင် မောင်မယ်သစ်လွင်ကြိုဆို

ဘားအံ ဇန်နဝါရီ ၉

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ အစိုးရစက်မှုလက်မှုသိပ္ပံ(ဘားအံ)၏ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် မောင်မယ်သစ် လွင်ကြိုဆိုပွဲကို ဇန်နဝါရီလ ၉ ရက်နေ့ နံနက် ၉ နာရီက အဆိုပါကျောင်း၏ လျှပ်စစ်အင်ဂျင်နီယာဌာန၊ အလုပ်ရုံခန်းမ၌ ကျင်းပသည်။

ဦးစွာ အစိုးရစက်မှုလက်မှုသိပ္ပံ(ဘားအံ)မှ ကျောင်းသား၊ ကျောင်းသူများက ကရင်ပြည်နယ်မှကြိုဆိုပါ၏ သီချင်း ဖြင့် သီဆိုကပြဖျော်ဖြေ၍ အခမ်းအနားကို ဖွင့်လှစ်ပြီး ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက အစိုးရစက်မှုလက်မှုသိပ္ပံ (ဘားအံ) တွင် ပညာသင်ယူကြမည့်မောင်မယ်သစ်လွင် ကျောင်းသား၊ ကျောင်းသူများကို ICT နှင့် ကွန်ပျူတာဆိုင်ရာ နည်းပညာရပ်များအပြင် ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များဖြစ်အောင် ကြိုးစားကြစေလိုပြီး တိုးတက်လာသောနည်းပညာရပ်များကို လူမှုအကျိုးပြု စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေးစသည့်ကဏ္ဍပေါင်းစုံတွင် အပြည့်အဝအသုံးချနိုင်ရန်အတွက် အရည်အချင်းပြည့်ဝသည့် ကျွမ်းကျင်ပညာရှင်များအနေဖြင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးတွင် ဦးဆောင် ပါဝင်နိုင်အောင် ကြိုးစားသင်ယူကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က အစိုးရစက်မှုလက်မှုသိပ္ပံ(ဘားအံ)၏ ပထမနှစ်မောင်မယ်သစ်လွင် ၇၃ ဦး အတွက် ငွေကျပ် ၁၄၆၀၀၀ဝိ/-(တစ်ဆယ့်လေးသိန်းခြောက်သောင်းကျပ်) ကို ကျောင်းသား၊ ကျောင်းသူများထံ ချီးမြှင့်ပေးအပ်ပြီး ကျောင်းအုပ်ဆရာမကြီးက GTI သင်တန်းကျောင်းနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြကာ ကျောင်းသား၊ ကျောင်းသူများ လပ်တီးတေးသီချင်းဖြင့် ကပြဖျော်ဖြေကြသည်။

အစိုးရစက်မှုလက်မှုသိပ္ပံ (ဘားအံ) တွင် A.G.T.I (၃) နှစ် ဒီပလိုမာသင်တန်းများဖြစ်သော မြို့ပြအင်ဂျင်နီယာ (Civil Engineering)၊ လျှပ်စစ်စွမ်းအားအင်ဂျင်နီယာ (Electrical Power Engineering) နှင့် စက်မှုအင်ဂျင်နီယာ (Mecganical Engineering) သင်တန်းများကို ဖွင့်လှစ်သင်ကြားပေးလျက်ရှိပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးညွန့်လင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များက သက်ဆိုင်ရာဘာသာရပ်များအလိုက် ပညာရည်ချွန်ဆု ရရှိသူများနှင့် လွတ်လပ်ရေးနေ့အထိမ်းအမှတ်စာစီစာကုံးပြိုင်ပွဲတွင် ဆုရရှိကြသူများအား ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ကြသည်။

ထို့နောက် မောင်မယ်သစ်လွင်များက King, Queen, Prince, Princess selection အသီးသီးက Performance များဖြင့် တင်ဆက်ပြသကြပြီး သင်္ကြန်လုလင်တေးသီချင်းဖြင့် ကပြဖျော်ဖြေကြကာ King, Queen, Prince, Princess များကို ရွေးချယ်ချီးမြှင့်ခဲ့ကြသည်။

အစိုးရစက်မှုလက်မှုသိပ္ပံ(ဘားအံ)ကို ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၂ ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ပြီး ယခု ၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင် ဒုတိယနှစ် ကျောင်းသား၊ ကျောင်းသူ (၆၃) ဦး၊ မောင်မယ်သစ်လွင် (၇၃) ဦး စုစုပေါင်းကျောင်းသား၊ ကျောင်းသူ (၁၃၆) ဦး တက်ရောက်ပညာသင်ကြားလျက်ရှိကာ မောင်မယ်သစ်လွင်ကြိုဆိုပွဲအပြီးတွင် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဆရာ၊ ဆရာမများ၊ ရုံးအဖွဲ့များနှင့်ကျောင်းသား၊ ကျောင်းသူများသည် စားရိပ်သာခန်းမတွင် စုပေါင်းနေ့လည်စာကို အတူတကွသုံးဆောင်ခဲ့ကြကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)