ထားဝယ်မြို့တွင် စံမညီဆေးဝါးများ၊ မြန်မာနိုင်ငံဆေးဝါးမှတ်ပုံတင်အမှတ်မပါရှိသည့် ဆေးဝါးများ၊ သက်တမ်းလွန်ဆေးဝါးများနှင့် သက်တမ်းလွန်အလှကုန်များအား မြှုပ်နှံဖျက်ဆီး

ထားဝယ်  ဇန်နဝါရီ  ၉

စံမညီဆေးဝါးများ၊ မြန်မာနိုင်ငံဆေးဝါးမှတ်ပုံတင်အမှတ်မပါရှိသည့် ဆေးဝါးများ၊ သက်တမ်းလွန် ဆေးဝါးများနှင့် သက်တမ်းလွန်အလှကုန်များအား ဇန်နဝါရီလ ၈ ရက်နေ့ နံနက်ပိုင်းက တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ တဂူသိမ်အမှိုက်ပုံ တွင်းတူး၍မြှုပ်နှံဖျက်ဆီးခဲ့ကြောင်းသိရသည်။

ထို့နောက် တိုင်းဒေသကြီးအစားအသောက်နှင့် ဆေးဝါးကြီးကြပ်ကွပ်ကဲရေးကော်မတီဝင်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ၂၀၂၄- ၂၀၂၅ ခုနှစ်အတွင်း ရှောင်တခင်ကွင်းဆင်းစစ်ဆေးမှုများ ပြုလုပ်ခဲ့စဉ်ကသိမ်းဆည်းခဲ့သည့် စံမညီဆေးပါးများ၊ မြန်မာနိုင်ငံဆေးဝါးမှတ်ပုံတင်အမှတ် မပါရှိသည့်ဆေးဝါးများ၊ သက်တမ်းလွန်ဆေးဝါးများ၊ သက်တမ်းလွန် အလှကုန်ပစ္စည်းများ၊ ထားဝယ်မြို့ပေါ်ရှိပုဂ္ဂလိကဆေးရုံများနှင့် ဆေးဆိုင်များမှလာရောက်အပ်နှံထားသော သက်တမ်းလွန်ဆေးဝါးများနှင့် ဆေးပစ္စည်းများအား တွင်းထဲတွင် မြှုပ်နှံဖျက်ဆီးခဲ့သည်။

သက်တမ်းလွန်နှင့်မြန်မာနိုင်ငံဆေးဝါးမှတ်ပုံတင်အမှတ်မပါရှိသည့် ဆေးဝါးစုစုပေါင်း ၄၄၂ မျိုး တန်ဖိုးငွေကျပ် (၁၈၂၄၃၉၃၄.၆၇)၊ သက်တမ်းလွန်အလှကုန် ၂၃ မျိုး၊ တန်ဖိုးငွေကျပ်(၁၆၅၂၀၀၀)၊ စုစုပေါင်းတန်ဖိုးငွေကျပ် (၁၉၈၉၅၉၃၄.၆၇)ဖျက်ဆီးခဲ့ကြောင်း သိရသည်။

ငွေဇင်ယော်(ထားဝယ်)