တနင်္သာရီမြို့နယ်၌ မဲရုံမှူး၊ ဒုမဲရုံမှူး မွမ်းမံသင်တန်းဖွင့်လှစ်

တနင်္သာရီ ဇန်နဝါရီ ၇

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်တွင်  ရွေးကောက်ပွဲ‌ကော်မရှင်အဖွဲ့ခွဲရုံးမှ မြို့နယ်အတွင်းရှိ သက်ဆိုင်ရာမဲရုံများတွင် တာဝန်ထမ်းဆောင်ကြမည့် မဲရုံမှူး၊ ဒုမဲရုံမှူးများ၊ မဲစာရင်း စစ်ဆေးသူ၊ ထိန်းချုပ်စက်ကိုင်တွယ်သူနှင့် မဲရုံလုံခြုံရေးတာဝန်ယူဆောင်ရွက်မည့် မဲရုံအဖွဲ့ဝင်များအား(MEVM) မဲပေးစက်အသုံးပြုနည်းမွမ်းမံသင်တန်းကို ယနေ့နံနက်ပိုင်းက အထက(တနင်္သာရီ)‌ကျောင်း ပညာရတနာခန်းမ၌ ကျင်းပသည်။

အဆိုပါသင်တန်းအား ဖွင့်လှစ်ဆောင်ရွက်ရခြင်းအကြောင်းအရာများကို မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဖိလစ်ဝင်းက အမှာစကားပြောကြားခဲ့ပြီး၊ မဲရုံမှူး၊ ဒုမဲရုံမှူး မွမ်းမံသင်တန်းတွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးသန့်နိုင်ဝင်းနှင့် မြို့နယ်‌ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးမှ ဦးစီးအရာရှိ ဒေါ်ရွှန်းလဲ့ရည်တို့က မဲရုံမှူး၊ ဒုမဲရုံမှူးများ၊ မဲစာရင်းစစ်ဆေးသူ၊ ထိန်းချုပ်စက်ကိုင်တွယ်သူနှင့် မဲရုံလုံခြုံရေးတာဝန်ယူဆောင်ရွက်ကြမည့် ဆရာ၊ ဆရာမများအား MEVMမဲပေးစက်အသုံးပြုခြင်းဆိုင်ရာ လုပ်ငန်းလက်စွဲပါ ဘာသာရပ်များဖြစ်သည့် ပါဝင်ပစ္စည်းများ၊ မဲပေးစက်အားစစ်ဆေးခြင်း၊ ရွေးကောက်ပွဲကျင်းပမည့်နေ့မတိုင်မီမဲရုံတွင် အီလက်ထရောနစ်မဲပေးစက်များအသုံးပြုရန် ကြိုတင်ပြင်ဆင်ခြင်းနှင့် စမ်းသပ်မဲပေးခြင်း၊ စက်အားကိုင်တွယ်ခြင်း၊ သတ်မှတ်နေရာတွင် နေရာချခြင်း၊ မဲပေးရန်စက်များဖွင့်လှစ်ခြင်း၊ မဲရလဒ်များထုတ်ယူခြင်း၊ မဲပေးနေစဉ်အတွင်း အ‌ရေးပေါ်ကိစ္စရပ်များဖြစ်ပေါ်ပါက ဆောင်ရွက်ရမည့်လုပ်ငန်းများကို သင်ကြားပေးမည်ဖြစ်ကြောင်းသိရသည်။

သီသီခိုင်(ပြန်/ဆက်)