တနိုင်း ဇန်နဝါရီ ၅
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ တနိုင်းမြို့နယ်တွင် မွေးကင်းစမှ အသက်(၂)နှစ်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းကို ပုန်ခုန်းရပ်ကွက် မိခင်နှင့်ကလေး ကျန်းမာရေးဌာန၌ ယနေ့နံနက် ၈ နာရီတွင် ကျန်းမာရေးနှင့် အားကစာ၀န်ကြီးဌာနမှ ချမှတ် ထားသော ကိုဗစ်-၁၉ ကာကွယ်ရေး နည်းလမ်းများနှင့်အညီ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကာကွယ်ဆေး ထိုးနှံပေးရာတွင် အသက်အုပ်စုအလိုက် မြို့ပေါ်ရပ်ကွက်(၇)ရပ်ကွက်ကို ထိုးနှံပေးခြင်း ဖြစ်ပြီး တနိုင်းမြို့နယ်တွင် ပုံမှန်ကာကွယ်ဆေး ထိုးနှံပေးခြင်းကို အပတ်စဉ်အင်္ဂါနေ့တိုင်း နံနက် (၈)နာရီမှ မွန်းတည့် (၁၂)နာရီအချိန်အထိ ပုံမှန်ဆောင်ရွက်ပေးလျက်ရှိပြီး မွေးကင်းစမှ အသက်(၂)နှစ် အောက် ကလေးငယ်များအား ဘီစီဂျီ၊ ပြင်းထန် အဆုတ်ရောင်၊ ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ အသည်းရောင် အသားဝါ(ဘီ)၊ ဦးနှောက်အမြှေးရောင် (ငါးမျိုးစပ်ကာကွယ်ဆေး)၊ ဝက်သက်နှင့် ဂျိုက်သိုးရောဂါ ကာကွယ်ဆေး၊ ဂျပန်ဦးနှေက်ရောင်ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်း၊ ပိုလီယို၊ ပြင်းထန် ဝမ်းပျက်ဝမ်းလျှော(ရိုတာ) ကာကွယ်ဆေးတိုက်ကျွေးခြင်းနှင့် ကိုယ်ဝန်ဆောင် မိခင်များအား မေးခိုင်ဆေး ထိုးနှံပေးခြင်းတို့ကို မိခင်နှင့်ကလေး ကျန်းမာရေးဌာနမှ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
စိုင်းထင်ကျော်(ပြန်/ဆက်)