တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် မြန်မာနိုင်ငံဆရာဝန်အသင်း(မြိတ်)မှ ကြီးမှူးဖွင့်လှစ်သည့် ဒေသခံများနှင့် တိုင်းရင်းသားများအတွက် အခမဲ့ ဆေးကုသခန်းဖွင့်ပွဲ တက်ရောက်

မြိတ် ဇန်နဝါရီ ၇

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုသည် တိုင်းဒေသကြီးဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ဇန်နဝါရီ ၇ ရက် နံနက်ပိုင်းက မြိတ်မြို့ ကန်ဖျားရပ်ကွက် ရွှေဘုံသာ ကျောင်းလမ်းတွင် ဒေသခံများနှင့် တိုင်းရင်းသားများအတွက် မြန်မာနိုင်ငံဆရာဝန်အသင်း (မြိတ်)မှ ကြီးမှူးဖွင့်လှစ်သည့် အခမဲ့ဆေးကုသခန်းကို တက်ရောက်ဖွင့်လှစ်ပေးကြကြောင်း သိရသည်။

ဦးစွာ အခမဲ့ ဆေးကုသခန်းအား တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ဝန်ကြီးများ၊ မြို့မိမြို့ဖများနှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးကြသည်။ ထို့နောက် မြန်မာနိုင်ငံဆရာဝန်အသင်း (မြိတ်) အခမဲ့ဆေးကုသခန်းအဖွဲ့ခေါင်းဆောင် ဒေါက်တာ တင်စိုးမိုးက ဆေးခန်းဖွင့်လှစ်ရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။ ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် စေတနာရှင် အလှူရှင်များက အခမဲ့ဆေးကုသခန်းအတွက် အလှူငွေ စုစုပေါင်း (၁၇၆) သိန်းကို လှူဒါန်းပေးအပ်ကြရာ အခမဲ့ဆေးကုသခန်း အဖွဲ့ခေါင်းဆောင်မှ လက်ခံရယူသည်။

ယင်းနောက် ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဆေးကုသခန်းအတွင်း ဒေသခံများနှင့် တိုင်းရင်းသားများအား ဆေးကုသဆောင်ရွက်ပေးရန် ပြင်ဆင်ထားရှိမှုအား ကြည့်ရှုအားပေးခဲ့ကြသည်။ မြန်မာနိုင်ငံဆရာဝန်အသင်း (မြိတ်) အခမဲ့ဆေးကုသခန်းတွင် အခမဲ့ဆေးကုသခန်း အဖွဲ့ခေါင်းဆောင် ဆရာဝန် ဦးဆောင်၍ ဆရာဝန် (၃)ဦးမှ တစ်ပတ်လျှင် အင်္ဂါနေ့၊ ကြာသပတေးနေ့နှင့် စနေနေ့ (၃)ရက် အပတ်စဉ် အခမဲ့ဆေးကုသပေးပြီး ဆေးဝါးများ အခမဲ့ပေးအပ်သွားမည်ဖြစ်သည်။

အဆိုပါ ‌ဆေးကုသခန်းတွင် ဆေးရုံ၊ ဆေးခန်းသို့ သွားရောက်ရန် အခက်အခဲများရှိသည့် ဒေသခံပြည်သူများနှင့် တိုင်းရင်သားများအား တစ်ဖက်တစ်လမ်းမှ ကူညီဆောင်ရွက်ပေးနိုင်ရန်နှင့် စိတ်ပိုင်းရုပ်ပိုင်းဆိုင်ရာ ကျန်းမာသန်စွမ်းရေးကို ကူညီပေးနိုင်ရန်၊ အဓိကအားဖြင့် ဆေးခန်းကို လာရောက်သူများအားလုံး စိတ်၏ချမ်းသာခြင်းနှင့် ကိုယ်၏ ကျန်းမာခြင်းပြည့်စုံစေရန် ရည်ရွယ်ချက်ဖြင့် ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း၊ ဆေးရုံတက်ရောက်ကုသရန် လိုအပ်သည့် ဝေဒနာရှင်များကိုလည်း ပြည်သူ့ဆေးရုံကြီး၌ ဆေးကုသမှုခံယူနိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ခိုင်ထူး (ပြန်/ဆက်)