ထားဝယ် ဇန်နဝါရီ ၇
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်၊ ရှမ္မတွင်းကျေးရွာ၊ ဦးပိုင်အမှတ်-၁၄ ဇွဲအားမာန် လယ်ယာနှင့် အထွေထွေသမဝါယမအသင်းများမှ အသင်းသားတောင်သူများ၏ မိုးစပါးများကို ဇန်နဝါရီလ ၆ ရက် မွန်းလွဲပိုင်းတွင် ရိတ်သိမ်းခဲ့ကြကြောင်း သိရသည်။
ထို့နောက် အသင်းသားတောင်သူများ၏ မိုးစပါးဧက (၈၀) ၌ ထိုင်းနှံကောက်စပါးနှင့် GW-11 စပါးများအား ရိတ်သိမ်းခြွေလှေ့စက်ဖြင့် ရိတ်သိမ်းနေမှုကို တိုင်းဒေသကြီးသမဝါယမဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဦးရွှေဝင်းနှင့် တာဝန်ရှိသူများ၊ ထားဝယ်မြို့နယ်သမဝါယမဦးစီးဌာနမှ တာဝန်ရှိသူများက ကြည့်ရှုစစ်ဆေးပြီး ဒုတိယညွှန်ကြားရေးမှူးက သမဝါယမကဏ္ဍမှ စီမံကိန်းသီးနှံများ စိုက်ပျိုးထုတ်လုပ်မှု၊ ရောင်းဝယ်ကြိတ်ခွဲဖြန့်ဖြူးမှု လုပ်ငန်းစဉ်များ အောင်မြင် အောင် ဆောင်ရွက်ပေးရန် လိုအပ်ကြောင်း မှာကြားသည်။
ထိုသို့ မိုးစပါးများအား ရိတ်သိမ်းခြွေလှေ့စက်ဖြင့် ရိတ်သိမ်းခဲ့ရာ တစ်ဧကလျှင် ပျမ်းမျှ (၁၀၃) တင်းနှုန်းထွက်ရှိခဲ့ပြီး အသင်းမှလိုအပ်သည့် ငွေကြေးအရင်းအနှီးနှင့် ဈေးကွက်ပိုမိုရရှိရေးအတွက် သက်ဆိုင်ရာ မြို့နယ်သမဝါယမအသင်းစုနှင့် ချိတ်ဆက်ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရသည်။
ကျော်ကျော်လတ်