တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ ရန်ပုံငွေဖြင့် ဝယ်ယူဖြည့်ဆည်းပေးသည့်  ရှာဖွေကယ်ဆယ်ရေး Speed Boat (၂)စီး မြိတ်ခရိုင်မီးသတ်စခန်းသို့ ရောက်ရှိ

မြိတ် ဇန်နဝါရီ ၇

တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင်အတွင်း သဘာဝဘေးအန္တရာယ်နှင့် ရေပြင်ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့ ရန်ပုံငွေဖြင့် ဝယ်ယူဖြည့်ဆည်းပေးသည့် ရှာဖွေကယ်ဆယ်ရေး Speed Boat (၂)စီး မြိတ်ခရိုင်မီးသတ်စခန်းသို့ ရောက်ရှိမှုအား ဇန်နဝါရီလ ၆ ရက် နံနက်ပိုင်းက တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး ဦးမောင်ကြီးနှင့်  တာဝန်ရှိသူများက ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။

ထိုသို့စစ်ဆေးရာ၌ တိုင်းဒေသကြီးစီးပွားရေးရာဝန်ကြီး၊ တိုင်းဒေသကြီး အရည်အသွေးထိန်းချုပ်စိစစ်ရေးနှင့် အပြီးသတ်လက်ခံရေးကော်မတီဥက္ကဋ္ဌ ရဲမှူးကြီး မြင့်ထွန်းနှင့် တာဝန်ရှိသူများက Speed Boat ကိုယ်ထည်နှင့် အင်ဂျင်တို့ကို ကြည့်ရှုစစ်ဆေး၍ အင်ဂျင်အား စမ်းသပ်လည်ပတ်မှုအား စစ်ဆေးကြသည်။ ရှာဖွေကယ်ဆယ်ရေး Speed Boat သည်  အရှည်(၁၉)ပေ (၄)လက်မ၊  အကျယ် (၆)ပေ (၁၀)လက်မ၊ အနက်(၂)ပေ(၇)လက်မရှိ၍ လူ(၁၂)ဦးဆံ့ပြီး Yamaha အမျိုးအစား အင်ဂျင်ပါဝါ မြင်းကောင်ရေ (၄၀)ရှိသည်။

တိုင်းဒေသကြီးအစိုးရအဖွဲ့ ရန်ပုံငွေဖြင့် ဝယ်ယူဖြည့်ဆည်းပေးသည့် ရှာဖွေကယ်ဆယ်ရေး Speed Boat (၂)စီးကို မြိတ်ခရိုင် မီးသတ်စခန်းမှ မြိတ်ခရိုင်အတွင်း သဘာဝဘေးအန္တရာယ်နှင့် ရေပြင်ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ၊ မီးငြှိမ်းသတ်ရေးလုပ်ငန်းများကို မြိတ်ခရိုင်မီးသတ်စခန်းရှိ မီးငြှိမ်းသတ်ရေး Speed Boat (၃)စီးနှင့်အတူ ပြည်သူများ၏ အကျိုးကို ယခင်ကထက် ပိုမိုဆောင်ရွက်လာနိုင်မည်ဖြစ်ကြောင်း သိရသည်။

ခိုင်ထူး (ပြန်/ဆက်)