တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဂုဏ်ပြုညစာစားပွဲ နှင့် ဂုဏ်ပြုဖျော်ဖြေပွဲ အခမ်းအနားသို့တက်ရောက်

ထားဝယ်  ဇန်နဝါရီ 

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့က တည်ခင်းဧည့်ခံသည့်(၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဂုဏ်ပြုညစာစားပွဲနှင့် ဂုဏ်ပြုဖျော်ဖြေပွဲ အခမ်းအနားကို ဇန်နဝါရီ ၄ ရက်နေ့ ညနေပိုင်းက ထားဝယ်မြို့၊ မြို့တော်ခန်းမ၌ ကျင်းပခဲ့သည်။

ဦးစွာ(၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့ ဂုဏ်ပြုညစာစားပွဲ အခမ်းအနားသို့ တက်ရောက်လာကြသည့်ဧည့်သည်တော် များအားတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကိုက နှုတ်ဆက်ပြီး ဂုဏ်ပြုညစာ စားပွဲအခမ်းအနားသို့ တက်ရောက်လာကြသူများနှင့်အတူ ညစာကိုအတူတကွသုံးဆောင်ကြသည်။

ညစာမသုံးဆောင်မီနှင့် သုံးဆောင်နေစဉ်အတွင်း တိုင်းရင်းသား ညီအစ်ကိုမောင်နှမများက ထားဝယ်ရေအိုးရွက်အက၊  တေးသံသာများ၊ပဒေသာကပွဲများဖြင့် ကပြသီဆိုတီးခတ်ဖျော်ဖြေကြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တက်ရောက်လာကြသူများက ကြည့်ရှုအားပေးကြသည်။

ထို့နောက်တိုင်းဒေသကြီးဝန်ကြီးချုပ်က သီဆိုကပြဖျော်ဖြေပေးသော အကဖွဲ့များအား ဂုဏ်ပြုပန်းခြင်းနှင့် ဂုဏ်ပြုဆုငွေများပေးအပ်ချီးမြှင့်သည်။ အဆိုပါ(၇၈)နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်း အမှတ်ဂုဏ်ပြုညစာစားပွဲအခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်၊ တိုင်းဒေသကြီး ဝန်ကြီးများ၊ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး၊တိုင်းရင်း သားတိုင်းရင်းသူများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်သည်။ 

ဆက်လက်၍ တနင်္သာရီတိုင်းဒေသကြီးထားဝယ်မြို့နယ်အတွင်းရှိ ရဟန်းရှင်လူပြည်သူများ၊ ဒေသခံ ပြည်သူများ၊ ဝန်ထမ်း များ၊ဝန်ထမ်းမိသားစုဝင်များအပန်းပြေ ပျော်ရွှင်ချမ်းမြေ့စေရန်ရည်ရွယ်၍ ကျင်းပသည့်စတိတ်ရှိုးစင်တင် တေးဂီတဖျော်ဖြေရေးကို ယနေ့ညနေပိုင်းတွင် ထားဝယ်မြို့၊ ကမ်းနားလမ်းရှိ ရွှေဝယ်ကမ်းသာရင်ပြင်၌ နိုင်ငံကျော် တေးသံရှင်များနှင့်ဝါသနာရှင်များက သီဆိုဖျော်ဖြေဧည့်ခံကြရာ လာရောက်ကြည့်ရှုသူများဖြင့် အထူးစည်ကားလျက်ရှိသည်။

ထို့ပြင်လာရောက်ပါဝင်ဆင်နွှဲကြသူများ  အဆင်ပြေစွာ ဝယ်ယူစားသောက်နိုင်ရန်အတွက် ရင်ပြင်အတွင်း စားသောက်ဆိုင်များ၊ ဈေးဆိုင်ခင်းများ၊အမှတ်တရလက်ဆောင်ပစ္စည်းဆိုင်များ၊ ဒေသရိုးရာအစားစာများကို ရောင်းချပေးလျက်ရှိရာ ဝယ်ယူအားပေး စားသောက်ကြသူများဖြင့် စည်ကားလျက် ရှိသည်။

ထို့နောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ်ထားဝယ်မြို့၊ ကမ်းနားလမ်းတစ်လျှောက်တွင်ရောင်စုံမီးများအလှဆင်ထားပြီးဂီတအနုပညာကို ခံစားကြည့်ရှုနိုင်စေရန်အတွက် နိုင်ငံကျော်တေးသံရှင်များနှင့် ဝါသနာရှင်များက စတိတ်ရှိုး၊ ဖျော်ဖြေရေးအစီအစဉ်များဖြင့် ညလုံးပေါက်စီစဉ် ဆောင်ရွက်ပေးထားရာ ဒေသခံပြည်သူများက စိတ်ပျော်ရွှင်ချမ်းမြေ့စွာပါဝင်ဆင်နွှဲခဲ့ကြပြီး ကား၊ဆိုင်ကယ်များစနစ်တကျထားရှိနိုင်ရန်အတွက်လည်း စီစဉ်ဆောင်ရွက်ပေးထားကြောင်း သိရသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)