ထားဝယ် ဇန်နဝါရီ ၄
(၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့နိုင်ငံတော်အလံတင်အခမ်းအနား၊ နိုင်ငံတော်အလံအလေးပြုခြင်းနှင့် သဝဏ်လွှာဖတ်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ ရွှေဝယ်သီရိအားကစားကွင်း၌ ကျင်းပခဲ့သည်။
ဦးစွာ နံနက် ၄ နာရီ ၂၀ မိနစ်တွင် (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့နိုင်ငံတော်အလံတင်အခမ်းအနားကို ကျင်းပရာ အလံတင်တပ်စုမှ ဦးဆောင်၍ တိုင်းဒေသကြီးလုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး သိန်းဇော်မြင့်က နိုင်ငံတော်အလံကို တိုင်ထိပ်လွှင့်တင်ခဲ့ပြီး တက်ရောက်လာသော ဧည့်သည်တော်များက နိုင်ငံတော်အလံအား အလေးပြုခဲ့ကြသည်။
ထို့နောက် နိုင်ငံတော်အလံအလေးပြုခြင်းနှင့် သဝဏ်လွှာဖတ်ပွဲအခမ်းအနားကို နံနက် ၇ နာရီတွင် ဆက်လက်ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်၊ တိုင်းဒေသကြီးဝန်ကြီးများ၊ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး၊ အရာရှိစစ်သည်များ၊ ငြိမ်းချမ်းရေးအဖွဲ့အစည်းများ၊ ဌာနဆိုင်ရာများ၊ လူမှုရေးအဖွဲ့များ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ဒေသခံပြည်သူများ စုစုပေါင်း (၆၀၀)ဦးခန့် တက်ရောက်ခဲ့ကြသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုက အလေးပြုခံစင်မြင့်တွင် နေရာယူပြီး ဂုဏ်ပြုတပ်ဖွဲ့၏ အလေးပြုခြင်းကိုခံယူကာ တက်ရောက်လာသော ဧည့်သည်တော်များနှင့်အတူ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အလံကို အလေးပြုပြီး ဂုဏ်ပြုတပ်ဖွဲ့တီးဝိုင်းက နိုင်ငံတော်သီချင်းကို တီးမှုတ်၍ ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်ကြီးများအား အလေးပြုခဲ့ကြသည်။
ယင်းနောက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ ၂၀၂၆ ခုနှစ်၊ (၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာကို တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုက ဖတ်ကြားပြီး ဂုဏ်ပြုတပ်ဖွဲ့၏ အလေးပြုခြင်းကိုခံယူကာ အခမ်းအနားကို ရုပ်သိမ်းလိုက်ကြောင်း သိရှိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)