ထားဝယ် ဇန်နဝါရီ ၂
၂၀၂၆ ခုနှစ် (၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ပြိုင်ပွဲဝင် ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံပန်းအလှများအား အကဲဖြတ်အမှတ်ပေးခြင်းအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက ထားဝယ်မြို့၊ တနင်္သာရီတိုင်းဒေသကြီး၊ စိုက်ပျိုး ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် သစ်သီးဝလံများပြိုင်ပွဲကျင်းပရေးလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဥပဒေချုပ်၊ ဦးအုန်းသန်းက ယခုလို ပြိုင်ပွဲများကျင်းပခြင်းကြောင့် ပြည်သူလူထုအနေဖြင့် စိုက်ပျိုးရေးလုပ်ငန်းများတွင် စိတ်ပါဝင်စားလာကြောင်း၊ မိသားစုတစ်ပိုင်တစ်နိုင်တစ်ပိုင် စိုက်ပျိုးခြင်းမှသည် စီးပွားဖြစ် စိုက်ပျိုးထုတ်လုပ်ခြင်းဖြင့် ဒေသခံပြည်သူများ၏ တစ်ဦးချင်းဝင်ငွေတိုးတက်လာပြီး နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူဖြစ်စေကြောင်း၊ ပြိုင်ပွဲဝင် သစ်သီးဝလံပန်းမန်များကို အကဲဖြတ်အမှတ်ပေးခြင်း ဆောင်ရွက်သည့်နေရာတွင် အရည်အသွေးပြည့်ဝသည့် သစ်သီးဝလံပန်းမန်များကို ရွေးချယ်အမှတ်ပေးကြရန် လိုအပ်ကြောင်း ပြောကြားသည်။
ထို့နောက်တိုင်းဒေသကြီး၊ စိုက်ပျိုးရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး၊ ဦးသန်းထိုက်က ပြိုင်ပွဲနှင့်စပ်လျဉ်း၍ အမှတ်ပေးစနစ်အား ရှင်းလင်းတင်ပြသည်။ ဆက်လက်၍ အကဲဖြတ်ဒိုင်များက ပြိုင်ပွဲဝင်ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံပန်းအလှများအား စိစစ်ရွေးချယ်အကဲဖြတ် အမှတ်ပေးခဲ့ကြသည်။
ပြိုင်ပွဲတွင် ဟင်းသီးဟင်းရွက် (အလုံးလိုက်)၊ သစ်သီးဝလံ (အလုံး/ အခိုင်လိုက်) နှင့် ပန်းအလှ စသည်ဖြင့် အမျိုးအစား (၃) မျိုးခွဲ၍ ယှဉ်ပြိုင်ခဲ့ကြပြီးဇန်နဝါရီ ၃ ရက်နေ့ ပြိုင်ပွဲ တစ်ခုစီတွင် ပထမဆု ကျပ် (၁၅၀၀၀၀) ၊ ဒုတိယဆု ကျပ် (၁၀၀၀၀၀) နှင့် တတိယဆု ကျပ် (၅၀၀၀၀) စီ အသီးသီး ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)