ထားဝယ် ဇန်နဝါရီ ၂
တနင်္သာရီတိုင်းဒေသကြီးအတွင်း ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအပိုင်း (၂) အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီက Video Conferencing ဖြင့် ကျင်းပသည်။
အစည်းအဝေးတွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုက ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအပိုင်း (၁) ကို တိုင်းဒေသကြီးအတွင်း အောင်မြင်စွာကျင်းပနိုင်ခဲ့ကြောင်း၊ ရွေးကောက်ပွဲအပိုင်း (၁) ကျင်းပပြီးစီးမှုအပေါ် အခြေခံ၍ အားနည်းချက်/ အားသာချက်များအား မြင်တွေ့ခဲ့ရသောကြောင့် အဓိကအနေဖြင့် မဲဆန္ဒရှင်ပြည်သူများ ဆန္ဒမဲပေးနိုင်ရေးသည် အရေးကြီးကြောင်း၊ မဲဆန္ဒရှင်ပြည်သူများ မဲစာရင်းနံပါတ်အမှတ်စဉ်ကြည့်ရှုသည့်အခါ လွယ်ကူစွာရှာဖွေနိုင်ရေးနှင့် မကျန်ရှိစေရေးအတွက် ဝိုင်းဝန်းကူညီဆောင်ရွက်ပေးရန်လိုအပ်ကြောင်း၊ ရွေးကောက်ပွဲအပိုင်း (၂) တွင် ရပ်ကွက်/ကျေးရွာများ၌ မဲဆန္ဒရှင်ပြည်သူ များပြားပါက အုပ်ချုပ်မှုအပိုင်းတွင်ရှိသော တာဝန်ရှိသူများက မဲဆန္ဒရှင်ပြည်သူဦးရေအပေါ် မူတည်ပြီး မဲရုံများတိုး၍ ဆောင်ရွက်ပေးပါက အချိန်ကုန်သက်သာပြီး လွယ်ကူအဆင်ပြေနိုင်ကြောင်း၊ တိုင်းဒေသကြီးတွင် မဲရုံမှူး၊ ဒုမဲရုံမှူးများအပြင် ဌာနဆိုင်ရာများကို မဲပေးစက် ( MEVM ) အသုံးပြုခြင်းဆိုင်ရာသင်တန်းများ ပို့ချပေးထားသည်များရှိသောကြောင့် အဆင်ပြေကြောင်း၊ မဲဆန္ဒရှင်ပြည်သူများ ဆန္ဒမဲလာပေးနိုင်ရေးအတွက် နှိုးဆော်ပေးရန်လိုအပ်ကြောင်း၊ မဲဆန္ဒရှင်ပြည်သူများ ဆန္ဒမဲပေးသည့်အခါ မှတ်ပုံတင်များကိုပါ တစ်ပါတည်းယူဆောင်နိုင်ရေး၊ သက်ကြီးရွယ်အိုများနှင့် မဲဆန္ဒရှင်ပြည်သူများ မဲရုံသို့ရောက်ရှိသည့်အခါ သက်တောင့်သက်သာစွာ ဆန္ဒမဲပေးနိုင်ရေးအတွက် မဲရုံရှိ တာဝန်ရှိသူများက ဝိုင်းဝန်းကူညီဆောင်ရွက်ပေးရန်လိုအပ်ကြောင်း၊ ထို့အပြင်သက်ကြီးရွယ်အိုများအားကြိုတင်ဆန္ဒမဲပေးနိုင်ရေးအတွက်လည်း ဆောင်ရွက်ပေးရန်လိုအပ်ကြောင်း၊ မဲရုံများတွင် မဲဆန္ဒရှင်ပြည်သူများမဲပေးသည့်အခါ အလင်းရောင်လုံလောက်စွာထားရှိပေးရန်လိုအပ်ကြောင်း ပြောကြားသည်။
ထို့နောက် ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ကျော်ကျော်ဟန်က ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးအတွက် မဲရုံများ၌ လုံခြုံရေးဆိုင်ရာဆောင်ရွက်ထားရှိမှုအခြေအနေများအား ရှင်းလင်းတင်ပြပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးသန်းထွတ်သိန်းက မြန်မာအီလက်ထရောနစ်မဲပေးစက် MEVM နှင့် ပတ်သက်၍ ဆောင်ရွက်ထားရှိမှုအခြေအနေများအား ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ တက်ရောက်လာကြသူများက အောင် မြင်စွာကျင်းပပြီးစီးခဲ့သည့်ရွေးကောက်ပွဲအပိုင်း (၁) ၏ရလဒ်များအပေါ် အားသားချက်/အားနည်းချက်များ၊ ရွေးကောက်ပွဲအပိုင်း (၂)အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဆောင်ရွက်ထားရှိအခြေအနေများ၊ ရှေ့ဆက်ဆောင်ရွက်မည့်လုပ်ငန်းစဉ်များ၊ ပူးပေါင်းဆောင်ရွက်မည့်လုပ်ငန်းများအား ရှင်းလင်းဆွေးနွေးတင်ပြကြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)