ဘုတ်ပြင်း ဇန်နဝါရီ ၂
တနင်္သာရီတိုင်းဒေသကြီး ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့၌ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ (၄) ရက်နေ့တွင် ကျရောက်မည့် (၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အမျိုးသား (၄) ယောက်တွဲ ဖိတ်ခေါ်ပိုက်ကျော်ခြင်းပြိုင်ပွဲနှင့် ကြက်တောင်ရိုက်ပြိုင်ပွဲကို ယမန်နေ့ညနေက ကျင်းပပြုလုပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် ပြိုင်ပွဲဝင်အသင်း (၇) သင်းဖြင့် အုပ်စု (၂) စုခွဲကာ အုပ်စုတွင်းပြိုင်ပွဲများ ယှဉ်ပြိုင်လျက်ရှိပြီး ကြက်တောင်ရိုက်ပြိုင်ပွဲတွင် အမျိုးသားအငယ်တန်းတစ်ဦးချင်းပြိုင်ပွဲ၊ အမျိုးသားတစ်ဦးချင်း အကြီးတန်းပြိုင်ပွဲနှင့် အမျိုးသားနှစ်ယောက်တွဲ အကြီးတန်းပြိုင်ပွဲများကို မြို့နယ်အားကစားခန်းမတို့တွင် အသီးသီး ပါဝင်ယှဉ်ပြိုင်လျက်ရှိသည်။
အဆိုပါပြိုင်ပွဲအသီးသီးယှဉ်ပြိုင်ကစားနေမှုအား ဘုတ်ပြင်းမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် အားကစားဝါသနာရှင်များက ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။
ပြိုင်ပွဲများအလိုက် ပထမ၊ ဒုတိယ၊ တတိယ ဆုရရှိသည့် ပြိုင်ပွဲဝင်အသင်းကို (၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့တွင် ဆုများ ပေးအပ်ချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)