ကလော ဇန်နဝါရီ ၁
ခရီးသွားကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနှင့် ခရီးသွားဧည့်သည်များ ပိုမိုလာရောက်လေ့လာလည်ပတ်နိုင်စေရန် ရည်ရွယ်၍ ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောခရိုင်၊ ကလောမြို့ မောမြေဦးပန်းခြံ၌ ပထမအကြိမ် ပန်းပွဲတော်ဖွင့်ပွဲအခမ်းအနားကို ဇန်နဝါရီလ ၁ ရက်နေ့နံနက် ၉ နာရီက ကျင်းပခဲ့ရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများ၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ဖိတ်ကြားထားသည့်ဧည့်သည်တော်များ၊ မြို့မိ၊ မြို့ဖနှင့် ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင် နှင့်ပြည်နယ်ဝန်ကြီးများ၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်ကျော်နိုင်ဦးနှင့် တာဝန်ရှိသူများက ကလောမြို့ ပထမအကြိမ် ပန်းပွဲတော်အား ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးခဲ့သည်။
ထို့နောက်ရှမ်းပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ကလောမြို့အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၊ ဘင်ခရာတီးဝိုင်းအဖွဲ့၊ ပန်းပွားအဖွဲ့၊ တိုင်းရင်းသားရိုးရာ အကဖွဲ့များမှ “သွေးချင်းတို့ဌာနေ မြန်မာပြည်” (ထာဝရသစ္စာ) သီချင်းဖြင့် ကပြဖျော်ဖြေနေမှုကို ကြည်ရှုအားပေးခဲ့ကြပြီးအမှတ်တရ မှတ်တမ်းတင် ဓာတ်ပုံရိုက်ကူး၍ ပန်းခြံအတွင်းသို့ လှည့်လည်ကြည့်ရှုအားပေးခဲ့ကြောင်း သိရှိရသည်။
ကလောမြို့ ပထမအကြိမ်ပန်းပွဲတော်ကို ၂၀၂၆ ခုနှစ်ဇန်နဝါရီလ ၁ ရက်နေ့မှ ၁၅ ရက်နေ့အထိ ဝင်ကြေးအခမဲ့အဖြစ် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း တာဝန်ရှိသူထံမှ သိရသည်။
ကျော်ဝင်း(ကလော)