၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မြိတ်မြို့နယ်ရှိ မဲဆန္ဒရှင်ပြည်သူများ လွတ်လပ်စွာဆန္ဒမဲပေး

မြိတ်   ဒီဇင်ဘာ   ၂၈

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အပိုင်း(၁)ကို ယနေ့ နံနက်၆နာရီမှစတင်ကျင်းပရာ တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ်ရှိ မဲဆန္ဒနယ်အလိုက်မဲရုံများတွင် မဲဆန္ဒရှင်ပြည်သူများက လွတ်လပ်စွာ စနစ်တကျ ဆန္ဒမဲပေးလျက်ရှိကြသည်။

မဲဆန္ဒရှင်ပြည်သူများမှ မဲရုံများသို့ စိတ်အားထက်သန်စွာ ဆန္ဒမဲပေးရန်စောင့်ဆိုင်းလျက်ရှိကြကာ မဲရုံမဖွင့်လှစ်မီ မဲရုံတာဝန်ရှိသူများက မဲပုံးများအား ပါတီကိုယ်စားလှယ်များအား ပြသ၍ လုံခြုံရေးကြိုးတပ်ဆင်ပြီးနောက် နံနက်(၆)နာရီတွင် မဲရုံမှူးက မဲရုံဖွင့်လှစ်သည်။ ထို့နောက် မဲဆန္ဒရှင် ပြည်သူများကလျှို့ဝှက်ဆန္ဒပြုခန်းများ၌ MEVM မဲပေးစက်ဖြင့် မဲပေးကြသည်။

၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် မြိတ်မြို့နယ်အတွင်းရှိ မဲဆန္ဒရှင်ပြည်သူများက နိုင်ငံသားအခွင့်အရေးနှင့်ဆန္ဒမဲပေးပိုင်ခွင့်ရရှိသောအခွင့်အရေးကို လက်လွတ်မခံအမျိုးသားရေးအခွင့်အလမ်းတို့ကို ပြည့်ပြည့်ဝဝအသုံးချကာ မိမိကြိုက်နှစ်သက်ရာပါတီနှင့် လွှတ်တော်ကိုယ်စားလှယ်လောင်းများအား လျှို့ဝှက်ဆန္ဒပြုခန်းများ၌ MEVM မဲပေးစက်ဖြင့် လွတ်လပ်စွာဆန္ဒမဲပေးရွေးချယ်ကြသည်။ မြိတ်မြို့နယ်အနေဖြင့် ရပ်ကွက်(၁၂)ရပ်ကွက်၊ ကျေးရွာအုပ်စု(၂၂)အုပ်စုတွင် မဲရုံပေါင်း(၈၁)ရုံ ဖွင့်လှစ်ထားရှိပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ မဲဆန္ဒရှင်ပြည်သူ စုစုပေါင်း(၁၉၈၀၇၃)ဦးရှိကြောင်း မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲမှ သိရသည်။   

ခိုင်ထူး (  ပြန်/ဆက် )