ရန်ကုန်တိုင်းဒေသကြီး၌ (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အမျိုးသား/အမျိုးသမီး (အလွတ်တန်း) စက်ဘီးပြိုင်ပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနား ကျင်းပ

ရန်ကုန် ဒီဇင်ဘာ ၂၈

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူးကျင်းသော ၂၀၂၆ ခုနှစ် (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အမျိုးသား/အမျိုးသမီး (အလွတ်တန်း) စက်ဘီးပြိုင်ပွဲ ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ဒဂုံမြို့နယ်ရှိ ပြည်သူ့ရင်ပြင်တွင်ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့် ၎င်းတို့၏ဇနီးများ၊ ဌာနဆိုင်ရာတာဝန်ရှိပုဂ္ဂိုလ်များ၊ ပြိုင်ပွဲဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းက (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အမျိုးသား/အမျိုးသမီး (အလွတ်တန်း) စက်ဘီးပြိုင်ပွဲအား သတ်မှတ်နေရာအသီးသီးမှ သေနတ်ပစ်ဖောက် တာလွှတ်ပေးခဲ့ပြီး စက်ဘီးစီးအားကစားသမားများနှင့် စက်ဘီးစီးအားကစား ဝါသနာပါသူများက စိတ်လက်‌ပေါ့ပါးတက်ကြွစွာ ပါဝင်ယှဉ်ပြိုင်ခဲ့ကြကာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့က ပန်းဝင်လာသည့် အားကစားသမားများအား ကြိုဆိုကြသည်။

ထို့နောက် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ဆက်လက်ကျင်းပရာ ဆုရစက်ဘီးစီးအားကစားသမားများ ကွင်းအတွင်းနေရာယူခဲ့ကြပြီး (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အမျိုးသား/ အမျိုးသမီး (အလွတ်တန်း) စက်ဘီးပြိုင်ပွဲတွင် ဆုရရှိကြသူများ၊ အသက်အကြီးဆုံး/ အသက်အငယ်ဆုံး အားကစားသမားများနှင့် နှစ်သိမ့်ဆုရရှိသူများကို တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့် ၎င်းတို့၏ဇနီးများက ဆုများအသီးသီး ‌ပေးအပ်ချီးမြှင့်ခဲ့ပြီး ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည့် ပန်းဝင်သူအားလုံးကိုလည်း ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်သည်။

အဆိုပါ (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အမျိုးသား/အမျိုးသမီး (အလွတ်တန်း) စက်ဘီးပြိုင်ပွဲတွင် အမျိုးသား(အလွတ်တန်း) စက်ဘီးပြိုင်ပွဲကို မှော်ဘီမြို့နယ်၊ အဝင်တိုးဂိတ်အနီး (အယ်လ်ပိုင်း‌သောက်ရေသန့်စက်ရုံရှေ့)မှ တာလွှတ်၍ ပြည်လမ်းအတိုင်း ပြည်သူ့ရင်ပြင်အထိလည်းကောင်း၊ အမျိုးသမီး(အလွတ်တန်း) စက်ဘီးပြိုင်ပွဲကို မင်္ဂလာဒုံလေဆိပ်လမ်းဆုံမှ တာလွှတ်၍ ပြည်လမ်းအတိုင်း ပြည်သူ့ရင်ပြင်အထိလည်းကောင်း သတ်မှတ်ထားပြီး အမျိုးသားစက်ဘီးစီးပြိုင်ပွဲဝင် (၉၈၆)ဦးနှင့် အမျိုးသမီးစက်ဘီးစီးပြိုင်ပွဲဝင် (၈၂)ဦး စုစုပေါင်း (၁၀၆၈)ဦးတို့ ဝင်ရောက်ပါဝင်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။

ဇွဲထက်ကို(ပြန်/ဆက်)