မင်္ဂလာဒုံ ဒီဇင်ဘာ ၂၈
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့အတွင်းရေးမှူး ဦးနေဝင်းအောင်သည် ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် အပိုင်း(၁)တွင် ပါဝင်သည့် မင်္ဂလာဒုံမြို့နယ်အတွင်းရှိ မဲရုံများ ခင်းကျင်းဆောင်ရွက်ထားရှိမှုနှင့် မဲပေးစက်များ တပ်ဆင်ထားမှု အခြေအနေများကို ယမန်နေ့က လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
ဦးစွာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့အတွင်းရေးမှူး ဦးနေဝင်းအောင်သည် သင်္ဃန်းကျွန်းကြီးကျေးရွာအုပ်စုရှိ အမှတ်(၇)၊ အခြေခံ ပညာအထက်တန်းကျောင်းတွင် မဲဆန္ဒရှင်ပြည်သူများ စိတ်ချမ်းမြေ့စွာ ဆန္ဒမဲပေးနိုင်ရေး ဆောင်ရွက်ထားရှိမှု၊ မဲရုံခင်းကျင်းထားမှုနှင့် မဲပေးစက်များ တပ်ဆင်ထားရှိမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးရာ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဘုန်းမြတ်သူနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးထူးကျော်နှင့်အဖွဲ့ဝင်များက လိုက်လံရှင်းလင်းတင်ပြကြသည်။
ထို့နောက် တိုင်းဒေသကြီးအစိုးရအဖွဲ့အတွင်းရေးမှူးနှင့် တာဝန်ရှိသူများသည် သင်္ဃန်းကျွန်းကြီးကျေးရွာအုပ်စုရှိ အမှတ်(၁၁) အခြေခံ ပညာမူလတန်းကျောင်းနှင့် ပျဉ်းမပင်ကျေးရွာအုပ်စုရှိ အမှတ်(၉) အခြေခံပညာအထက်တန်းကျောင်းတို့တွင် မဲရုံခင်းကျင်းထားမှုနှင့် မဲပေးစက်များ တပ်ဆင်ထားရှိမှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး မဲရုံများတွင် တာဝန်ထမ်းဆောင်မည့် မဲရုံမှူး၊ ဒုတိယမဲရုံမှူးများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်ကာ လိုအပ်ချက်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
မင်းသိန်းထွန်း