(၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို အမျိုးသား(အလွတ်တန်း) ဖိတ်ခေါ်စက်ဘီးပြိုင်ပွဲ ကျင်းပ

မှော်ဘီ  ဒီဇင်ဘာ ၂၈

ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်၊ မှော်ဘီမြို့နယ်၌ ၂၀၂၅ ခုနှစ် (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို အမျိုးသား(အလွတ်တန်း) ဖိတ်ခေါ်စက်ဘီးပြိုင်ပွဲအား ယမန်နေ့နံနက် ၅ နာရီက မှော်ဘီမြို့နယ် ရန်ကုန်-ပြည်လမ်းမကြီး၊ သန္ဓေပင်ကျေးရွာအုပ်စု၊ Alpine သောက်ရေသန့်ဝင်းရှေ့တွင် ကျင်းပသည်။

ဦးစွာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်းက အဖွင့်အမှာစကား ပြောကြားရာတွင် ပြိုင်ပွဲပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များ၊ အားကစားသမားများ ကျန်းမာကြံ့ခိုင်စေပြီး မိမိတို့အနေဖြင့် သန့်သန့်ရှင်းရှင်း ကစားကြရန်နှင့် “မြန်မာအားကစား ကမ္ဘာကိုလွှမ်းစေရမည်” ဆိုသည့် ဆောင်ပုဒ်နှင့်အညီ အားကစားစိတ်ဓာတ် မြင့်မားစေလိုကြောင်းပြောကြားပြီး ပြိုင်ပွဲဝင်စက်ဘီးသမားများအား တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်းက သေနတ်ပစ်ဖောက်၍ တာလွှတ်ဖွင့်လစ်ကာ ရန်ကုန်ပြည်လမ်းရှိ ပြည်သူ့ရင်ပြင်တွင် ပန်းဝင်မည်ဖြစ်ကြောင်း သိရသည်။

အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့များ၊ မှော်ဘီခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးနိုင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးပြည့်ဖြိုးမောင်နှင့် အဖွဲ့ဝင်များ၊ မှော်ဘီမြို့နယ် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ပြိုင်ပွဲဝင် စက်ဘီးအားကစားသမားများ စုစုပေါင်း (၉၈၆) ဦး ဝင်ရောက်ယှဉ်ပြိုင်ကာ ဆုများကို ပထမ၊ ဒုတိယ၊ တတိယ၊ စတုတ္ထ၊ ပဉ္စမနှင့် အထူးဆုများဟူ၍ ချီးမြှင့်ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ဝင်းဇော်(ပြန်/ဆက်)