မြစ်ကြီးနား ဒီဇင်ဘာ ၂၇
ဒီဇင်ဘာအားကစားလလူထုအားကစားလှုပ်ရှားမှုအဖြစ် ကချင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူး၍ ဒီဇင်ဘာအားကစားလစတုတ္ထအပတ် လူထုစုပေါင်းလမ်းလျှောက်ပွဲကို ယနေ့နံနက် ၆ နာရီက ပြည်နယ်မြို့တော်မြစ်ကြီးနားမြို့၌ လမ်းလျှောက်ပွဲပါဝင်ဆင်နွှဲသူအများအပြားဖြင့် စည်ကားစွာ ကျင်းပပြုလုပ်ခဲ့ကြသည်။
အဆိုပါလမ်းလျှောက်ပွဲသို့ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာ အရာထမ်း/ အမှုထမ်းများ၊ တက္ကသိုလ်၊ ဒီဂရီကောလိပ်များနှင့် သူနာပြုသင်တန်းကျောင်းတို့မှ သင်တန်းသား/ သင်တန်းသူများ၊ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းနှင့် အခြေခံပညာကျောင်းများမှ ကျောင်းသား/ ကျောင်းသူများ၊ ဒေသခံပြည်သူများ စုစုပေါင်းလူဦရေ ၁၀၀၀၀ ကျော် တက်ရောက်ခဲ့ကြပြီး ပြည်နယ်ပြည်သူ့အားကစားကွင်းရှေ့ စုရပ်မှတာလွှတ်ခဲ့ကြကာ အား/ကာတိုက်တန်းလမ်း၊ ရုံးကြီးလမ်း၊ ထိုမှတစ်ဆင့် ဆွမ်ပရာဘွမ်လမ်း၊ ဘုရင့်နောင်လမ်း၊ ထိုမှ သခင်နက်ဖေလမ်းအတိုင်း စီတာပူမနောကွင်းအထိ တစ်ပျော်တစ်ပါး စုပေါင်းလမ်းလျှောက်ခဲ့ကြသည်။
ထို့နောက် မနောကွင်းအတွင်း၌ စုပေါင်းကိုယ်ကာယကြံ့ခိုင်မှုအတွဲ အမှတ် (၁) နှင့် (၂) တို့ကို စုပေါင်းလေ့ကျင့်ဆောင်ရွက်ခြင်း၊ Fitness Dance ဖြင့် စုပေါင်းလေ့ကျင့်ခြင်းတို့ကို တစ်ပျော်တစ်ပါးဆောင်ရွက်ခဲ့ကြပြီး လမ်းလျှောက်ပွဲတက်ရောက်ဆင်နွှဲကြသူများအား အားကစားနှင့် ကာယပညာဦးစီးဌာနမှ အိမ်သုံးပစ္စည်းများကို ကံစမ်းမဲဖောက်၍ ပေးအပ်ခဲ့ကြကြောင်း သိရသည်။
ပြည်နယ် (ပြန်/ဆက်)