လယ်ဝေးမြို့နယ်၌ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် အသုံးပြုမည့် MEVM မဲပေးစက်နှင့် ဆက်စပ်ပစ္စည်းများထုတ်ပေး

လယ်ဝေး ဒီဇင်ဘာ ၂၇

၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်နေ့၌ ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မဲဆန္ဒရှင်ပြည်သူများ မဲပေးနိုင်ရေးအတွက် MEVM မြန်မာအီလက်ထရောနစ် မဲပေးစက်နှင့်ဆက်စပ်ပစ္စည်းများကို လယ်ဝေးမြို့၊ အားကစားလေ့ကျင့်ရေးစခန်း၊ အမှတ်(၂)တွင် ယနေ့နံနက်ပိုင်းက ထုတ်ပေးခဲ့‌ကြောင်း သိရသည်။

အဆိုပါ MEVM မြန်မာအီလက်ထရောနစ်မဲပေးစက်နှင့် ဆက်စပ်ပစ္စည်းများအား လယ်ဝေးမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာအုပ်စု(၆၇)အုပ်စုမှ မဲရုံ(၁၅၁)ရုံအတွက် နေပြည်တော် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အုပ်ချုပ်ရေးမှူးဦးတိုးဝင်း၊ လယ်ဝေးခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇင်မင်းကို၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌဦး‌ကျော်သူရနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မဲရုံတာဝန်ကျဌာနဆိုင်ရာ တာဝန်ရှိသူများက မဲရုံအသီးသီးမှ မဲရုံတာဝန်ခံများနှင့်ရပ်ကျေး ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များထံ စနစ်တကျထုတ်ပေးခဲ့ပြီးလုံခြုံရေးနှင့်သယ်ယူပို့ ဆောင်ရေးများ စီစဉ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)