ကျောက်ဆည် ဩဂုတ် ၅
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် ဆူးလေကုန်ကျေးရွာတွင်းလမ်း ကွန်ကရစ်လမ်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများဆောင်ရွက်နိုင်ရန် ယနေ့နံနက် ၁၀ နာရီက ငွေကျပ်သိန်း (၁၀၀) အား ဦးကျော်သိန်းနှင့် သားဦးအောင်ကျော်မိုး၊ မွေးမြူရေးလုပ်ငန်း၊ ဗိုလ်အောင်ကျော်လမ်း၊ ရန်ကုန်မြို့မှ ပေးအပ်လှူဒါန်းခဲ့ရာ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမင်းလွင်ဦးက အဆိုပါ ကျေးရွာအုပ်ချုပ်ရေးမှူးရုံးတွင် လက်ခံရယူခဲ့ကြောင်း သိရသည်။
ဆူလေးကုန်းကျေးရွာတွင်းလမ်းသည် အရှည် (၃၉၆၀) ပေရှိရာ ကွန်ကရစ်လမ်းအဆင့်မြှင့်တင်ရန်အတွက် ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် ကျောက်ဆည်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ငွေကျပ် သိန်း (၁၀၀) ခွဲဝေချပေးခဲ့ရာ အရှည် (၅၀၀) ပေ၊ အကျယ် (၁၆) ပေ၊ အမြင့် (၆) လက်မ ဆောင်ရွက်နိုင်ခဲ့ပြီးကျန်ရှိနေသောလမ်းအား လှူဒါန်းရရှိသောအလှူငွေများဖြင့် ကွန်ကရစ်ခင်းခြင်းလုပ်ငန်းများ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူးဦးမင်းလွင်းဦးက ပြောပြ၍သိရသည်။
ကျောက်ဆည်မြို့နယ် ဆူးလေကုန်းကျေးရွာတွင် အိမ်ထောင်စု (၂၉၅၈) စုနှင့် လူဦးရေ ကျား (၆၁၂၉) ဦး၊ မ (၆၄၉၆) ဦး နေထိုင်လျက်ရှိပြီး စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများကို အဓိကထားလုပ်ကိုင်လျက်ရှိရာ ကျေးရွာတွင်းလမ်းအား ကွန်ကရစ်ခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးသွားပါက ကျေးရွာ၏ အရှေ့ ဘက်တွင် ရန်ကုန်-မန္တလေးလမ်းမကြီးနှင့် အနောက်တောင်ဘက်တွင် မြစ်သားမြို့သို့ ဖြတ်သန်းသွားလာရာတွင် အဆင်ပြေစွာသွားလာနိုင်မည်ဖြစ်ပြီး ကုန်ပစ္စည်းများ သယ်ယူရာတွင်လည်း ပိုမိုအဆင်ပြေစွာ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း သိရသည်။
တင်တင်ထွေး(ပြန်/ဆက်)