ထားဝယ် ဒီဇင်ဘာ ၂၄
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ထားဝယ်ခရိုင် ထားဝယ်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၊ (မြို့နယ်အဆင့်)မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)ကိုင်တွယ်အသုံးပြုခြင်းဆိုင်ရာ(မွမ်းမံ)သင်တန်းကို ထားဝယ်မြို့တော်ခန်းမ၌ဖွင့်လှစ်လျက်ရှိရာ ယနေ့ညနေပိုင်းတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် တနင်္သာရီတိုင်းဒေသကြီးတာဝန်ခံဦးသန်းထွတ်သိန်း၊ တိုင်းဒေသကြီးလုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး သိန်းဇော်မြင့်နှင့် တာဝန်ရှိသူများ ကြည့်ရှုအားပေးသည်။
သင်တန်းတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်(တိုင်းဒေသကြီးတာဝန်ခံ) က ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကျင်းပရန်နီးကပ်လာပြီးဖြစ်သောကြောင့် ဆရာ/ဆရာမများကို မြန်မာအီလက်ထရောနစ် မဲပေးစက်(MEVM)ကို ပြန်လည်ကိုင်တွယ်စေခြင်းဖြစ်ကြောင်း၊ သင်တန်းတက်ရောက်ပေးသည့် ဆရာ/ဆရာမများကိုလည်း ကျေးဇူးတင်ရှိကြောင်း၊ ဒီဇင်ဘာ ၂၈ ရက်တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဆရာ/ဆရာမများက ပြည်သူလူထုနှင့်ထိတွေ့ပြီး ဆောင်ရွက်ရမည်ဖြစ်သောကြောင့် ဂုဏ်ယူပြီးကျေးဇူးတင်ရှိကြောင်း၊ နိုင်ငံတော်အတွက် အပင်ပန်းခံလုပ်ကိုင်ဆောင်ရွက်ပေးသောကြောင့် လေးစားဂုဏ်ယူပါကြောင်း ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်(တိုင်းဒေသကြီးတာဝန်ခံ)၊ တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက သင်တန်းသားများ အီလက်ထရောနစ်မဲပေးစက်အသုံးပြု၍ လက်တွေ့စမ်းသပ်သရုပ်ပြမဲပေးနေမှု အားကြည့်ရှုအားပေးပြီး သင်တန်းသားများ ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်သည်။
သင်တန်းတွင် တာဝန်ရှိသူများက သင်တန်းသား ၂၄၀အား မြန်မာအီလက်ထရောနစ်မဲပေးစက် အသုံးပြုခြင်းဆိုင်ရာများအား ဒီဇင်ဘာ ၂၅ ရက်အထိသင်ကြားပြသပေးသွားမည်ဖြစ်ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)