လှိုင်းဘွဲ ဒီဇင်ဘာ ၂၄
ကရင်ပြည်နယ် ဘားအံခရိုင် လှိုင်းဘွဲမြို့နယ်အတွင်းရှိ ရွေးကောက်ပွဲကျင်းပမည့် သက်ဆိုင်ရာရပ်ကွက်/ကျေးရွာအုပ်စုများတွင် ရွေးကောက်ပွဲနှင့်ပတ်သက်၍ မဲရုံများကြိုတင်ပြင်ဆင်ထားရှိမှု၊ လုံခြုံရေးနှင့်အုပ်ချုပ်ရေးဆောင်ရွက်မည့် အစီအစဉ်များ၊ ဆောင်ရွက်ရမည့်လုပ်ငန်းများအား ဒုတိယအကြိမ်ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်(၁၀)နာရီက လှိုင်းဘွဲမြို့ အောင်ဆန်းခန်းမ၌ ကျင်းပသည်။
ဦးစွာ စစ်ဗျူဟာအဖွဲ့(အခြေချ)လှိုင်းဘွဲ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး စိုးမင်းအောင်က ရွေးကောက်ပွဲကို အဆင်ပြေချောမွေ့စွာ ကျင်းပနိုင်ရေးအတွက် ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန် အမှာစကားပြောကြားခဲ့ပြီး မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းလင်းအောင်က ရွေးကောက်ပွဲတွင် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များအား ရှင်းလင်း တင်ပြသည်။
ထို့နောက် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် ဗိုလ်မှူးဇော်ရှိန်းအောင်က လုံခြုံရေးဖြန့်ခွဲထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြခဲ့ပြီး သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု များရှိ မဲရုံများတွင် တာဝန်ရှိသူများက လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များ၊ မဲရုံတာဝန်ထမ်းဆောင်မှုအခြေအနေများ၊ အရေးပေါ်အခြေအနေတွင်ဆောင်ရွက်ရမည့်လုပ်ငန်းများ၊ ဆက်သွယ်မှုစနစ်များကို ဆွေးနွေးတင်ပြသည်။
အစည်းအဝေးတွင် စစ်ဗျူဟာအဖွဲ့(အခြေချ)လှိုင်းဘွဲစစ်ဗျူဟာမှူး ဗိုလ်မှူးကြီး စိုးမင်းအောင်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ မဲရုံများတွင် လုံခြုံရေးဆိုင်ရာ တာဝန်ရှိသူများ၊ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ မဲရုံတာဝန်ထမ်းဆောင်မည့်သူများနှင့် တိုက်နယ်(၆)ခုမှရပ်/ကျေးကော်မတီအဖွဲ့ခွဲများတက်ရောက်ခဲ့ကြပြီး လှိုင်းဘွဲမြို့နယ်အနေဖြင့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအပိုင်း(၂)အတွက် ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၁၁ ရက်တွင် ကျင်းပသွားမည်ဖြစ်ပြီး ရပ်ကွက်၊ ကျေးရွာအုပ်စု (၆၇)အုပ်စုမှ မဲရုံစုစုပေါင်း(၁၄၉)ရုံ၊ မဲဆန္ဒရှင်ပြည်သူစုစုပေါင်း(၁၆၃၂၇၁)ဦး ရှိကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲထံမှ သိရသည်။
စောဒိ( ပြန်/ဆက်)