ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်(၇၈)နှစ်မြောက် ချင်းအမျိုးသားနေ့အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၁/၂၀၂၅)သို့ တက်ရောက်

ဟားခါး ဒီဇင်ဘာ ၂၃

(၇၈) နှစ်မြောက် ချင်းအမျိုးသားနေ့အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၂၅)ကို ဒီဇင်ဘာလ ၂၃ ရက်နေ့ မွန်းလွဲ ၁ နာရီခွဲက ဟားခါးမြို့၊ ချင်းပြည်နယ် အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဦးစွာ (၇၈) နှစ်မြောက် ချင်းအမျိုးသားနေ့အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး၊ နာယက၊ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်က ပြည်နယ်အစိုးရအနေဖြင့်ကျင်းပ ပြုလုပ်သည့်အခမ်းအနားများအနက် ချင်းအမျိုးသားနေ့အခမ်းအနားသည် အရေးကြီးသည့် အခမ်းအနားတစ်ခုဖြစ်ပါကြောင်း၊ ချင်းအမျိုးသားနေ့အခမ်းအနားတွင် နိုင်ငံတော်အကြီးအကဲ၏ ကိုယ်စားလှယ်တော်တက်ရောက်လာမည်ဖြစ်၍ ကြီးကျယ်ခမ်းနားစွာ ကျင်းပသွားရမည် ဖြစ်ကြောင်း၊ (၇၈) နှစ်မြောက် ချင်းအမျိုးသားနေ့အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေးအတွက် လုပ်ငန်းကော်မတီ (၁၈)ခု ဖွဲ့စည်းထားပြီးဖြစ်ကြောင်း၊ ရန်ပုံငွေများ ချက်ချင်းထုတ်သုံးရန် လိုအပ်သည့် လုပ်ငန်းကော်မတီများ ရှိလာမည်ဖြစ်၍ ကျခံသုံးစွဲရန်လိုအပ်သည့် အသုံးစရိတ်များကို ကြိုတင်တင်ပြကြရမည်ဖြစ်ကြောင်း၊ လုပ်ငန်းကော်မတီများတွင် ရှေ့မီ၊ နောက်မီပုဂ္ဂိုလ်များရှိသဖြင့် ၎င်းတို့၏ ဦးဆောင်မှုနှင့်အတူ ယခင်နှစ်အတွေ့အကြုံများအပေါ်အခြေခံ၍ အကောင်းဆုံး ဆောင်ရွက်ကြရမည်ဖြစ်ကြောင်းနှင့် လုပ်ငန်းကော်မတီများအနေဖြင့် တင်ပြလိုသည့်အချက်များကို ပွင့်ပွင့်လင်းလင်း တင်ပြကြစေလိုကြောင်း အမှာစကားပြောကြားသည်။

ယင်းနောက် (၇၈) နှစ်မြောက် ချင်းအမျိုးသားနေ့အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး ဦးစီးကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ခင်မောင်ထွေးနှင့် (၇၈) နှစ်မြောက် ချင်းအမျိုးသားနေ့အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေးဦးစီးကော်မတီ၊ အဖွဲ့ဝင်များဖြစ်ကြသည့် လူမှုရေးရာဝန်ကြီး ဦးဝင်းဇော်ဦး၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေလင်းအောင်၊ ပြည်နယ်ဥပဒေချုပ် ဦးဆွန်းဒုတ်ကျင့်နှင့် ခေတ္တပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးမင်းဆွေတို့က (၇၈) နှစ်မြောက် ချင်းအမျိုးသားနေ့အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဆွေးနွေးတင်ပြကြသည်။

ထို့နောက် (၇၈) နှစ်မြောက် ချင်းအမျိုးသားနေ့အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းကော်မတီများဖြစ်ကြသည့် အရေးကြီးပုဂ္ဂိုလ်များ ဖိတ်ကြားရေးနှင့်ကြိုဆိုနေရာချထားရေး လုပ်ငန်းကော်မတီ၊ စာတမ်းမှတ်တမ်းပြုစုရေးလုပ်ငန်းကော်မတီ၊ ဂုဏ်ထူးဆောင်လက်မှတ်များနှင့် ဆုပစ္စည်းများချီးမြှင့်နိုင်ရေးလုပ်ငန်းကော်မတီ၊ ဆုချီးမြှင့်ရေးအထောက်အကူပြုလုပ်ငန်းကော်မတီ၊ ဖျော်ဖြေရေးလုပ်ငန်းကော်မတီ၊ ပြပွဲ၊ ပြိုင်ပွဲများကျင်းပနိုင်ရေးလုပ်ငန်းကော်မတီ၊ အခမ်းအနား ပြင်ဆင်ရေးလုပ်ငန်းကော်မတီ၊ မုခ်ဦးဖွင့်ပွဲအခမ်းအနားကျင်းပရေးလုပ်ငန်းကော်မတီ၊ ချင်းရိုးရာအခမ်းအနားပြင်ဆင်ရေးနှင့် ဝတ်စားဆင်ယင်မှုလုပ်ငန်းကော်မတီ၊ ပြခန်းများကျင်းပရေး လုပ်ငန်းကော်မတီ၊ ဖွင့်ပွဲ ပိတ်ပွဲကျင်းပရေးလုပ်ငန်းကော်မတီ၊ သယ်ယူပို့ဆောင်ရေးလုပ်ငန်းကော်မတီ၊ ဘဏ္ဍာရေးလုပ်ငန်းကော်မတီ၊ ကြိုဆိုနေရာချထားရေးနှင့် ဧည့်ခံကျွေးမွေးရေးလုပ်ငန်းကော်မတီ၊ လုံခြုံရေးလုပ်ငန်းကော်မတီ၊ ကျန်းမာရေးလုပ်ငန်းကော်မတီ ၊ ပြန်ကြားရေးနှင့်သတင်းထုတ်ပြန်ရေးလုပ်ငန်းကော်မတီ၊ စာရင်းစစ်ဆေးရေးလုပ်ငန်းကော်မတီတို့မှဥက္ကဋ္ဌနှင့် အတွင်းရေးမှူးများက တင်ပြလိုသည့်အချက်များကို ရှင်းလင်းတင်ပြကြသည်။

ရှင်းလင်းတင်ပြချက်များအပေါ် (၇၈) နှစ်မြောက် ချင်းအမျိုးသားနေ့အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး၊ ဦးစီးကော်မတီအဖွဲ့ဝင်များဖြစ်ကြသည့် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ် ဥပဒေချုပ်၊ ခေတ္တပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူးတို့က အကြုံပြုဖြည့်စွက် ဆွေးနွေးကြပြီး (၇၈)နှစ်မြောက် ချင်းအမျိုးသားနေ့အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး နာယက၊ ပြည်နယ်ဝန်ကြီးချုပ်လိုအပ်ချက်များ ပေါင်းစပ်ညှိနှိုင်းပေးကာ နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။

(ခရိုင် ပြန်/ဆက်)