မင်းတပ် မတ် ၂၀
မင်းတပ်မြို့ စည်ပင်ဧရိယာအတွင်းရှိ စျေးဆိုင်များ၌ သက်တမ်းလွန်စားသောက်ကုန်များနှင့် ကန့်သတ်ဆိုးဆေးပါဝင်သည့် အစားအသောက်ရောင်းချမှုရှိ/မရှိ ခရိုင်အစားသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ဦးကျော်ဆန်းလှိုင် ဒုတိယကြီးကြပ်ရေးမှူး (အစားသောက်) နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ ပူးပေါင်း၍ ယနေ့ နံနက် ၉ နာရီက ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
ခရိုင်အစားသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ဒုတိယကြီးကြပ်ရေးမှူး ဦးကျော်ဆန်းလှိုင်က "မြို့စည်ပင်ဧရိယာအတွင်းမှာရှိတဲ့ စျေးဆိုင်တွေမှာ သက်တမ်းလွန်ဆေးဝါးနဲ့ ကန့်သတ်ဆိုးဆေးပါဝင်တဲ့ အစားအသောက်ရောင်းချမှုရှိ/မရှိကို တစ်လ(၂)ကြိမ် ကွင်းဆင်းစစ်ဆေးလျက်ရှိတယ်။ ပြည်သူတွေအနေနဲ့ အန္တရာယ်ကင်းတဲ့ အစားသောက်တွေ ၀ယ်ယူစားသုံးနိုင်ဖို့ ပညာပေးလုပ်ငန်းလည်း ဆောင်ရွက်ပေးလျက်ရှိတယ်" ဟု ပြောကြားသည်။
အဆိုပါ ကွင်းဆင်းစစ်ဆေးရာတွင် သိမ်းဆည်းရမိသည့် စားသုံးရန်မသင့်သည့် အစားအသောက်များနှင့် သက်တမ်းလွန်ဆေးဝါးများကို စနစ်တကျ စွန့်ပစ်ဖျက်ဆီးသွားမည်ဖြစ်ကြောင်း သိရသည်။
ဆလိုင်းအောင်(ပြန်/ဆက်)