ကွမ်းခြံကုန်း ဩဂုတ် ၅
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်တွင် (၂၀၂၀)ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကြီး အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ပထမအကြိမ် မဲဆန္ဒရှင်စာရင်းများ ကပ်ထားကြေညာမှုကို ယမန်နေ့မနက်ပိုင်းမှစ၍ မြို့နယ်ကော်မရှင်အဖွဲ့ခွဲဝင်များက သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
ထို့သို့ ကြည့်ရှုစစ်ဆေးမှုကို မြို့နယ်ကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေလင်းထွန်း ဦးဆောင်သော အဖွဲ့ သည် ပီလခတ်ကျေးရွာ၊ ပကောက်ကျေးရွာ၊ သဲကုန်းတန်းကျေးရွာ၊ တော်ခလူးကျေးရွာ၊ တော်ပြာကျေးရွာများသို့ သွားရောက်၍ မဲဆန္ဒရှင်စာရင်းများ ကပ်ထားကြေညာရာတွင် စနစ်တကျ ရှိစေရေး၊ ပထမအကြိမ် မဲဆန္ဒရှင်စာရင်းများကို ဩဂုတ်လ(၇) ရက်နေ့ အထိ ကြေညာထားမည်ဖြစ်ရာ ထိုကာလအတွင်း မဲဆန္ဒရှင်စာရင်း၌ မိမိအမည်မပါရှိလျှင် ပုံစံ(၃)ဖြင့် တောင်းယူ ဖြည့်စွက်ရန်၊ မဲစာရင်း၌ပါနေသူတစ်ဦးဦးကို ကန့်ကွက် လိုလျှင် ပုံစံ(၄)ဖြင့် တောင်းယူဖြည့်စွက်ကန့်ကွက်ရန်၊ မဲစာရင်း၌ ပါနေသည့် အချက်အလက်များကို ပြင်ဆင်လိုလျှင် ပုံစံ(၄-ဂ) ဖြင့် တောင်းယူဖြည့်စွက်ပြင်ဆင်ရန်တို့ကို ဒေသခံများအား အသိပေး ဆွေးနွေးခြင်း၊ ပြန်လည်ပြင်ဆင်ပေးရန် လျှောက်ထားလာမှုများရှိပါက ကျေးရွာကော်မရှင်အဖွဲ့ခွဲ အနေဖြင့် သတ်မှတ် ထားသော ပုံစံများဖြင့် စနစ်တကျ ဆောင်ရွက်ရန်တို့ကို ပြောကြားခဲ့သည်။
ကွမ်းခြံကုန်းမြို့နယ်တွင် ရပ်ကွက်(၇)ရပ်ကွက်နှင့် ကျေးရွာအုပ်စု(၄၃)စု၊ ကျေးရွာခွဲပေါင်း (၁၃၅)ရွာတွင် ဆန္ဒမဲပေးနိုင်သည့် မဲရုံပေါင်း (၁၈၀)ရှိကြောင်း မြို့နယ် ကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။
ထွန်းထွန်းစိုး(ပြန်/ဆက်)